
ကမ္ဘာ့စီးပွားရေးအကျပ်အတည်း ဂယက်ကြောင့် နိုင်ငံခြားကို ပညာသင်သွားမယ့်သူတွေအနေနဲ့ ကျောင်းရွေး ချယ်တာ၊ ဘာသာရပ်ရွေးချယ်တာတွေကိုပါ သေသေချာချာ စိစစ်သုံးသပ်ဖို့ လိုလာပါတယ်။
နိုင်ငံတကာ ပညာရေးဆိုရာမှာလည်း မြန်မာကျောင်းသား၊ ကျောင်းသူတွေအများဆုံး သွားတက်ကြတဲ့ စင်ကာပူ ကျောင်းတချို့မှာ အပြောင်းအလဲတွေ အနည်းငယ်ရှိလာနိုင်တယ်လို့ စင်ကာပူပညာရေးအတိုင်ပင်ခံ တချို့က သုံးသပ်ကြတယ်၊ စီးပွားရေးအကျပ်အနည်းဖြစ်နေချိန်မှာ စင်ကာပူကျောင်းတချို့က သူတို့ရဲ့ဘဏ္ဍာရေးငွေကြေး အ၀င်အထွက်တွေကို ဂရုစိုက်လာကြတယ်၊ ဘဏ္ဍရေးပိုင်း ကျဆင်းလာတဲ့ အတွက် အလုပ်အကိုင်ခန့်ထားမှုတွေ လျှော့လာမယ်။
တစ်ဖက်ကလည်း ရှိပြီးသား ၀န်ထမ်းတွေ လျှော့ချမယ်။ အလုပ်အကိုင်ခန့်ထားမှုတွေကျတဲ့အခါ အလုပ် ဦးစားပေး ဘာသာရပ်တွေ နှေးသွားမယ်။ ကျောင်းရဲ့ဝန်ဆောင်မှုအပိုင်းတွေကို လျှော့ချမယ်။ သူတို့ဆီကျောင်းသား အများဆုံးလာမယ့် နိုင်ငံတွေကိုပဲ ပစ်မှတ်ထားပြီး မားကတ်တင်း ဆင်းမယ်။ ကျန်တဲ့နိုင်ငံတွေကို လျှော့မယ်။ စီးပွားရေး အကျပ်အတည်းဖြစ်နေချိန် အစမှာ မှန်းထားတဲ့ကျောင်းသား ဦးရေထက် ၂ ဆရအောင် လုပ်ထားရင် စီးပွားရေး အကျပ်အတည်း အဆိုးရွားဆုံးဖြစ်နေချိန်မှာ ထိန်းထားနိုင်မယ် စသဖြင့် စီမံကိန်း (plan) တွေအမျိုးမျိုးလုပ်ဖို့ စီစဉ်ထား ကြောင်း သိရပါတယ်။
ငွေကြေး တောင့်တင်းတဲ့ကျောင်း
ကမ္ဘာ့စီးပွားရေး အကျပ်အတည်းဂယက်ကြောင့် အချို့အပေါ်ယံ ဖုံးနေတာတွေကို တံမြက်စည်းနဲ့ လှဲချလိုက် သလို အနာအဆာတွေက ပေါ်လာနိုင်ပြီး ပြုပြင်မှုတွေ လိုအပ်လာသလို သတိထားစရာ အချက်တွေပေါ်လာတယ်။ စင်ကာပူ နိုင်ငံက တချို့ကျောင်းတွေက ငွေကြေးခိုင်မာမှုမရှိတာကြောင့် ပိတ်တဲ့သူက ပိတ်ဖြစ်လာပါတယ်။ ကိုယ်တက်မယ့် ကျောင်းကိုရွေးချယ်တဲ့အခါ ငွေကြေးတောင့်တင်းတဲ့ကျောင်းကို ရွေးချယ်သင့်ပါတယ်။ ငွေကြေး တောင့်တင်းတဲ့ ကျောင်းဆိုတာ ကျောင်းလခ အရမ်းများလို့ ကျောင်းကောင်းတယ်လို့ သတ်မှတ်တာ မဟုတ်ပါဘူး။ ကျောင်းလခ များများယူတဲ့ ကျောင်းကိုလည်း ဆိုလိုတာမဟုတ်ပါဘူး။
ကျောင်းရဲ့ ရှယ်ယာကို ပြည်သူလူထုက ပိုင်တဲ့ ကျောင်းမျိုးပါ။ တချို့ကျောင်းတွေက public listed ကုမ္ပဏီ ဖြစ်လို့ရှယ်ယာအများကြီး ရှိပြီးတော်ရုံနဲ့ မပြိုလဲနိုင်ပါဘူး။
‘ ငွေကြေး မတောင့်တင်းတဲ့ ကျောင်းကို သွားတက်ရင် ကျွမ်းကျင်တဲ့ဆရာ၊ဆရာမတွေ ရှိချင်မှ ရှိမယ်၊ စီးပွားရေး အကျပ်အတည်းဖြစ်နေချိန်မှာ တချို့ကျောင်းက ရှိနေမယ်။ ဒါပေမဲ့ ကျွမ်းကျင်တဲ့ဆရာ၊ ဆရာမတွေ ရှိတယ်။မရှိဘူး ဆိုတာ မသိနိုင်ဘူး။ သူတို့ဝန်ထမ်းတွေလျှော့မယ်။ သူတို့ပေးတဲ့ ၀န်ဆောင်မှုတွေ လျှော့လာမယ်။ သူတို့ပေးတဲ့ ၀န်ဆောင်မှုတွေ လျှော့လာမယ်။ ဒါကြောင့် ကျောင်းသားတွေအနေနဲ့ အစစအရာရာ သေချာစိစစ်ဖို့ လိုလာပါတယ်’ လို့ Future Way Education & Services ကတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ကုန်ကျစရိတ်လျှော့
စီးပွားရေး အကျပ်အတည်းဖြစ်နေချိန်မှာ ကျောင်းလခတွေ တိုးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကျောင်းလခ တိုးလိုက်တဲ့ အချိန်နဲ့ စီးပွားရေးအကျပ်အတည်းဖြစ်နေချိတ်တိုက်ဆိုင်သွားတာမျိုးတွေ ဖြစ်နိုင်ပါတယ်။
‘ စင်ကာပူကျောင်းတချို့က သူ့စီမံကိန်း (plan) နဲ့သူရှိထားကြပါတယ်။ ကျောင်းကုန်ကျစရိတ်တွေလျှော့တဲ့ အနေနဲ့ မားကတ်တင်း တချို့ကို လျှော့မယ်၊ သူတို့အားထားရတဲ့ မြန်မာ၊ ဗီယက်နမ်၊ အင်ဒိုနီးရှား နိုင်ငံတွေကိုပဲ မားကတ်တင်းဆင်းဖို့ အာရုံစိုက်လာနိုင်တယ်။ ဒီနှစ်ရမယ့် ကျောင်းသား ဦးရေထက် ၂ ဆရအောင် ပစ်မှတ်ကို ဆွဲတင်ဖို့ လဲ ရှိတယ်၊ ငွေကြေးတောင့်တင်းတဲ့ ကျောင်းတေါက အရင်လိုပဲ ပုံမှန်လည်ပတ်နေတယ်’ လို့ Myanmar Search International နိုင်ငံရပ်ခြားဌာနေ ကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။
မားကတ်တင်းပုံစံတွေပြောင်းလာ
အရင်က စင်ကာပူကိုကျောင်းသွားတက်ဖို့ သည်က ပညာရေးအေဂျင်စီတွေက မီဒီယာကနေ တစ်ဆင့် ကြော်ငြာတာ၊ ဆွေးနွေးပွဲတွေလုပ်ပြီး ကျောင်းကြော်ငြာတွေလုပ်ခဲ့ကြတယ်၊ အခုစီးပွားရေး အကျပ်အတည်းဖြစ်နေချိန် မှာတော့ စင်ကာပူကျောင်းတွေက သည်က ပညာရေးအေဂျင်စီတွေနဲ့ ပူးပေါင်းပြီး မားကတ်တင်းတွေလုပ်လာကြတယ်။ အရင်ကလို ပညာရေးဆွေးနွေးပွဲ သီးသန့်မျိုးမဟုတ်တော့ဘဲ ပညာသင်ထောက်ပံ့ကြေးပေးမယ့် အစီအစဉ်တွေကိုပါ ဆွေးနွေးပွဲတွေမှာ ထည့်လာတယ်။ ပညာရေးဆွေးနွေးပွဲ သီးသန့်မဟုတ်ဘဲ စင်ကာပူမှာ အလုပ်ရှာတဲ့အခါဆိုတဲ့ career talk အစီအစဉ်တွေ၊ ၀ပ်ရှော့ခ် ပုံစံတွေပါ လုပ်လာတာ တွေ့ရပါတယ်။ ဒါ့အပြင် ကျောင်းက သည်မှာ ကျောင်းကြော်ငြာ ဘေလ်ဘုတ်တွေ ထောင်လာတာလည်း တွေ့ရပြီး အများက စိတ်ဝင်စားကြတယ်လို့ သိရပါတယ်။
‘ နောက်ပိုင်းမှာ စင်ကာပူကျောင်းကြော်ငြာတွေကို စီးတီးအက်ဖ်အမ်ကနေ တစ်ဆင့် ကြော်ငြာဖို့ စီစဉ်လာကြတယ်’ လို့ Smart Resources က မန်နေဂျင်းဒါရိုက်တာ ဦးအောင်ကျော်ဆန်းက ပြောပါတယ်။
အလုပ်အကိုင် ဘာသာရပ်တွေနှေး
‘ စီးပွားရေး အကျပ်အတည်းဖြစ်နေချိန်မှာ နိုင်ငံတကာမှာ အခက်အခဲဖြစ်တာက လုပ်ငန်းခွင် သင်တန်းအခြေခံတဲ့ ကျောင်းတွေရဲ့ အရှိန်က နှေးသွားတယ်၊ ဒီစီးပွားရေးဂယက်ကြောင့်အလုပ်အကိုင် ဦးစားပေးတဲ့ ဘာသာရပ်တွေ ထိခိုက်လာတယ်’ လို့ ဦးအောင်ကျော်ဆန်းက ပြောပါတယ်။
သည်အချိန်မှာ ပညာသင်ဖို့ သက်သက်နဲ့ နိုင်ငံခြားကို ကျောင်းသွာတက်တဲ့ သူတွေက သွားနေကြတုန်းပဲ၊ အလုပ်အကိုင်ပါတဲ့ ဘာသာရပ်ကတော့ နည်းသွာတယ်လို့ သူက ဆက်ပြောပါတယ်။
‘ ကိုယ်ကငွေကြေးတတ်နိုင်လို့ ငွေအကုန်အကျခံပြီး ကျောင်းတက်ပြီး သူများဆီမှာ အလုပ်သမားလုပ်ဖို့ မရည်ရွယ်သင့်ဘူးလေ၊ လုပ်ငန်းအတွေ့အကြုံတစ်ခုရအောင်ယူပြီး ကိုယ်ပိုင်စီးပွားရေး လုပ်သင့်တယ်’ လို့ Future Way က တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
စီးပွားရေး ဘာသာရပ်တွေရွေးလာ
စင်ကာပူကို ကျောင်းသွားတက်ချင်တဲ့သူတွေက အရင်က အိုင်တီ၊ အင်ဂျင်နီယာ၊ ကွန်ပျူတာ ဘာသာ၇ပ်တွေကို အရမ်းစိတ်ဝင်စားကြတယ်။ ဘဏ္ဍာရေးစီမံခန့်ခွဲမှုနဲ့ ဆိုင်တဲ့ဘာသာရပ်ကို သင်ဖို့တော့ အားနည်းကြတယ်။ အခုလို စီးပွားရေး အကျပ်အတည်းဖြစ်နေချိန်မှာ ဘဏ္ဍာရေးစီမံခန့်ခွဲမှုနဲ့ ပတ်သက်တဲ့ ပညာရှင်တွေ လိုအပ်လာတယ်။ လုပ်ငန်းခွင် သင်တန်းဘာသာရပ်တွေကိုလည်း တက်ဖို့ နှောင့်နှေးသွားကြတဲ့အတွက် စီးပွားရေး၊ စီမံခန့်ခွဲမှု ဘာသာရပ်တွေကို ပိုပြီး စိတ်ဝင်စားလာကြတယ်။ ဇီဝဆေးသိပ္ပံဘာသာရပ်နဲ့ လူသိများတဲ့ အမ်ဒီအိုင်အက်စ်လိုကျောင်းမျိုး၊ အင်ဂျင်နီယာ ဘာသာရပ်နဲ့ လူသိများတဲ့ အက်စ်ဘီအကယ်မီလို ကျောင်းမျိုးတွေမှာ နိုင်ငံတကာ စီးပွားရေးဘာသာရပ်တွေ တက်ဖို့ စိတ်ဝင်စားလာကြတယ်လို့ ဦးအောင်ကျော်ဆန်းထံက သိရပါတယ်။
အေဂျင်စီက တာဝန်ပိုများလာ
စီးပွားရေးအကျပ်အတည်းဂယက်နဲ့ ဆက်နွယ်ပြိး ပြောင်းလဲမှုတွေ အမျိုးမျိုးဖြစ်လာတဲ့အခါ နိုင်ငံခြား ကျောင်းတက်ဖို့ ၀န်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီတွေအနေနဲ့လည်း သေသေချာချာ ဂရုတစို ကိုင်တွယ်လာရတယ်လို့ သိရပါတယ်။ စင်ကာပူမှာရှိတဲ့တချို့ကျောင်းတွေက SQC (Singapore Quality Class) ရထားတယ်။ ပြီးရင် ပြန်ပြုတ်တယ်။ ပြီးရင် ပြန်ရတာမျိုးတွေ ရှိခဲ့ဖူးပါတယ်။
‘ ကိုယ့်ကုမ္ပဏီဘက်က အမှားအယွင်းခံလို့ မရဘူး။ ကိုယ်ပဲအရင်နာမည်ပျက်မှာ၊ ကိုယ်က ကျောင်းသား တွေ ထက် ပိုပြီး သတင်းအတိအကျ သိထားသင့်တယ်၊ အခုကစပြီး ကျောင်းတွေကို အထပ်ထပ်မေးရတယ်။ သူတို့ပြောသလို တကယ်အာမခံသလား၊ အာမခံပေးမှာ လုပ်ပေးတယ်၊ တချို့က ဘယ်လမှာ ကျောင်းဖွင့်မယ်ဆိုပြီး သူတို့ သတ်မှတ် ထားတဲ့ ကျောင်းသားဦးရေ မပြည့်မချင်းကျောင်းမဖွင့်တာနဲ့လည်း ကြုံရတယ်၊ ကျောင်းသားတွေက အချိန်ကုန်ခံပြီး စောင့်ရတယ်၊ ဒါကြောင့် ကျောင်းတွေကို ပြောထားတဲ့အချိန်အတိုင်း တကယ်ဖွင့်မှာလားဆိုပြီး အာမခံတောင်းရတယ်၊ စာရွက် တောင်းရတယ်၊ အရင်ကထက် ပိုပြီးဂရုစိုက်လာရတယ်’ လို့ Future Way က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ကမ္ဘာ့စီးပွားရေး အကျပ်အတည်းဂယက်ဖြစ်ပေါ်လာတဲ့ အခက်အခဲတွေကို သင်ခန်းစာယူပြီး ပညာရေးမှာလည်း လုပ်ဆောင်သင့်တယ်လို့ ဦးအောင်ကျော်ဆန်းက ပြောပါတယ်။
‘ ပညာရေးနဲ့ ရင်းနှီးမြုပ်နှံတဲ့သူတွေက အခုရေတွင်းတူး၊ အခုရေကြည်သောက် လုပ်လို့မရဘူး၊ အနည်းဆုံး မျိုးဆက် တစ်ဆက်ရင်းနှီးမြုပ်နှံရတယ်၊ ၂၀၀၆-၂၀၀၇ ခုနှစ်ကနေ ချခဲ့တဲ့ စီမံကိန်းက အခုအချိန်မှာ အဆင်မပြေနိုင်ဘူး၊ မအောင်မြင်နိုင်ဘူး ’လို့ သူက ဆက်ပြောပါတယ်။
အခုအချိန်မှာ ပြည်ပကိုကျောင်းသွားတက်ဖို့ အဆင်ပြေတဲ့အချိန်ပါ။ ယူကေမှာ ဘွဲ့ရတဲ့ အထိတက်ရင် ကျောင်းလခ ကျပ်သိန်း ၃၀ ကနေ ကျပ်သိန်း ၁၀၀ လောက်သက်သာနိုင်တယ်။ စင်ကာပူ ဂျေစီယူ (JCU) မှာ ၂ နှစ်ဘွဲ့ သင်တန်းက ကျပ်သိန်း ၃၃၀ လောက်ရှိပြီး အခု ကျပ် သိန်း ၁၇၅ လောက်ပဲရှိတော့တယ်လို့ သိရပါတယ်။
Source : Modern Journal