မလေးရှားနိုင်ငံကို တစ်နည်းအားဖြင့် မီနီအေးရှား (mini asia) လို့ခေါ်ပါတယ်။ နိုင်ငံတကာ ကျောင်းသားတွေ မလေးရှားမှာ ပညာသင်ယူရင်း နိုင်ငံတကာယဉ်ကျေးမှုဆိုင်ရာ အတွေ့အကြုံတွေကို လေ့လာနိုင်သလို နိုင်ငံတကာ အသိအမှတ်ပြု ကမ္ဘာ့အဆင့်အတန်းမီ တက္ကသိုလ်ကြီးတွေက သင်ရိုးညွှန်းတမ်းတွေ၊ သင်ကြားပုံ သင်ကြားနည်း စနစ်တွေ၊ သင်ယူမှု အတွေ့အကြုံတွေကိုလည်း တစ်ပြိုင်နက် ရရှိနိုင်မှာ ဖြစ်တယ်။
မလေးရှားနိုင်ငံရဲ့ အဆင့်မြင့် ပညာရေးဆိုင်ရာကျောင်းကို အစိုးရတက္ကသိုလ် (public university) ၊ ပုဂ္ဂလိက တက္ကသိုလ်၊ နိုင်ငံခြားကျောင်းခွဲ ( foreign branch campus university) နဲ့ပုဂ္ဂလိက ကောလိပ်ဆိုပြီး လေးမျိုးခွဲခြား ထားပါတယ်။ များသောအားဖြင့် နိုင်ငံတကာကျောင်းသား၊ ကျောင်းသူတွေကတော့ ပုဂ္ဂလိက တက္ကသိုလ်နဲ့ နိုင်ငံခြား ကျောင်းခွဲတွေမှာပဲ ပညာသင်ကြားနေကြပါတယ်။ အခုလက်ရှိ ကျောင်းသားအများစု စိတ်ဝင်စားပြီး အသွားအများဆုံးက တေးလားစ်တက္ကသိုလ် ကောလိပ်၊ စန်းဝေးတက္ကသိုလ်၊ အင်တီနိုင်ငံတကာ တက္ကသိုလ်ကောလိပ်တွေ ဖြစ်ပါတယ်။ တေးလားစ် တက္ကသိုလ်ကောလိပ်မှာဆိုရင် အေဒီပီပရိုဂရမ် (American Degree Transfer Program) ၊ ဗိသုကာ၊ ဇီဝဆေး ပညာရပ်၊ စီးပွားရေး၊ ကွန်ပျူတာ၊ အင်ဂျင်နီယာ၊ ဟိုတယ်နှင့်ခရီးသွား၊ ဥပဒေ၊ ဆက်သွယ်ရေး၊ နိုင်ငံတကာ တက္ကသိုလ် အကြိုစတဲ့ ဘာသာရပ်ပေါင်း မြောက်မြားစွာကို သင်ကြားပေးနေပါတယ်။
‘ မလေးရှားမှာ တကယ့် university life တွေရှိတယ်၊ ကျွန်တော့်သား နိုင်ငံခြား ပညာသင်ဖို့ တစ်နှစ်လောက် စုံစမ်း ခဲ့ရတယ်၊ တကယ့် တက္ကသိုလ်စစ်စစ်၊ တက္ကသိုလ် နယ်မြေနဲ့တူတဲ့နေရာမှာပဲ ထားချင်တယ်၊ နောက်ဆုံး မလေးရှားမှာ ကျွန်တော်လိုချင်တာတွေ ရှိနေတာကြောင့် မလေးရှားက တေးလားစ် တက္ကသိုလ်ကောလိပ်မှာ ကျောင်းလျှောက်လိုက်တယ် ’ လို့ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။
နိုင်ငံခြားကျောင်းခွဲတွေက အရှေ့မလေးရှားမှာ ကာတင်နည်းပညာတက္ကသိုလ်၊ ဆွင်းဘန်းတက္ကသိုလ် တို့ ဖြစ်ပြီး အနောက်မလေးရှားမှာ မိုနာ့ရှ် တက္ကသိုလ်၊ နော်တင်ဂန်စသဖြင့် တက္ကသိုလ်ကြီး လေးကျောင်းရှိပါတယ်။
အဲသည်ထဲက သြစတြေးလျားနိုင်ငံက သိပ္ပံနဲ့ နည်းပညာအတွက် နာမည်ကြီး ကျောင်းသုံးကျောင်းထဲက ကာတင်နည်းပညာ တက္ကသိုလ်က တစ်ကျောင်းအပါအ၀င်ပါ။ ၎င်းတက္ကသိုလ်မှာ အင်ဂျင်နီယာ၊ အိုင်တီ၊ စီးပွားရေး၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ တူးဖော်ရေးနည်းပညာ၊ ဘူမိရူပဗေဒစတဲ့ ဘာသာရပ်တွေရှိပြီး ပညာအရည်အချင်းအလိုက် ဖောင်ဒေးရှင်းကနေ ပီအိတ်ခ်ျဒီ အထိ တက်ရောက်နိုင်ပါတယ်။
ကာတင် နည်းပညာတက္ကသိုလ်မှာ အင်ဂျင်နီယာဘာသာရပ်တက်နေတဲ့ ကျောင်းသားတစ်ဦးက ‘ မလေးရှား နိုင်ငံခြား ကျောင်းခွဲတွေကနေ ကျောင်းပြီးရင် တခြားနိုင်ငံတွေမှာ အလုပ်လုပ်ဖို့ အဲဒီလက်မှတ်တွေကို အသိအမှတ် ပြုတယ်။ ဘရူနိုင်းနိုင်ငံကိုလဲ အလုပ်သွားလုပ်နိုင်တယ်၊ ဒီမှာက တက္ကသိုလ်နယ်မြေကြီးထဲမှာ စာသင်၊ သွားလာ လှုပ်ရှား နိုင်သလို၊ အရည်အချင်းရှိတဲ့ဆရာ၊ ဆရာမတွေလဲ ရှိတယ်၊ မြန်မာနိုင်ငံက ဆရာတွေလဲ ရှိတယ်’ လို့ဆိုတယ်။
ရန်ကုန်မှာ ဂျီတီစီတက်နေပြီး နိုင်ငံခြားပညာသင်ဖို့ စိတ်ဝင်စားသူ ကျောင်းသူ၊ ကျောင်းသားတစ်ဦးက ‘ အခုနောက်ပိုင်း မလေးရှားကို ကျောင်းသွားတက်ဖို့ အပြောများလာကြတယ်၊ စင်ကာပူမှာ အရမ်းများနေပြီး အရင်လို အခွင့်အလမ်းတွေ သိပ်မရှိတော့ဘူးလို့ ကြားတယ်’ လို့ပြောပါတယ်။
အခုလက်ရှိ အခြေအနေအရ မလေးရှားနိုင်ငံမှာ ပြည်တွင်းပြည်ပ ဘွဲ့ရကျောင်းသားတွေဟာ နှစ်စဉ် ထောင်နဲ့ ချီပြီး ရှိနေတယ်။ အဲသည်ထဲက နိုင်ငံတကာ အသိအမှတ်ပြုတက္ကသိုလ်တွေက ဖြစ်တယ်လို့ Myanmar Search International က သိရပါတယ်။
‘ ဘွဲ့ရပြီးသူတွေ ထောင်ချီရှိတဲ့ အထဲကမှ ထက်ဝက်ကျော်လောက်က ကျောင်းပြီးလို့ လအနည်းငယ်မှာပဲ အလုပ်အကိုင်တွေ ရကြတယ်၊ သူတို့ကို ကြည့်မယ်ဆိုရင် နိုင်ငံတကာအသိအမှတ်ပြု တက္ကသိုလ်တွေက ဘွဲ့ရတဲ့ သူတွေ ဖြစ်တာ၊ ရရှိထားတဲ့ ဒီဂရီတွေက အလုပ်အကိုင်ရရှိဖို့ ပတ်စပို့ တစ်ခုလို အသုံးဝင်တယ်လို့ ခံယူထားတာ တွေ့ရတယ်၊ ပတ်စပို့မရှိရင် နိုင်ငံရပ်ခြား ကူးလူးသွားလာဖို့ မလွယ်သလို နိုင်ငံတကာ အသိအမှတ်ပြုဘွဲ့၊ ဒီဂရီလက်မှတ် မရှိရင် အလုပ်အကိုင်ရဖို့ ခက်ခဲနိုင်တယ် လို့ ယူဆထားကြတယ်’ လို့ MSI က မန်နေဂျင်းဒါရိုက်တာ ဒေါ် စုစုလှိုင်က ပြောပါတယ်။
လတ်တလောအခြေအနေမှာတော့ မလေးရှားနိုင်ငံမှာ အိုင်တီနဲ့ ဇီဝနည်းပညာရပ်တွေက အလုပ်အကိုင် အခွင့်အလမ်း ပိုများနေတယ်လို့ သူက ဆက်လက်ပြောပါတယ်။ သူတို့နိုင်ငံသားတွေက နိုင်ငံကြီးတွေကို တစ်ဆင့်ကူး ပြီး လစာကောင်းတဲ့နေရာ တွေမှာအလုပ်လုပ်ကိုင်နေကြတယ်။
ဒါကြောင့် မလေးရှားနိုင်ငံမှာ အိုင်တီနဲ့ ဇီဝနည်းပညာနဲ့ ပတ်သက်တဲ့ အလုပ်အကိုင်လိုအပ်ချက်တွေ ပိုများလာတယ်လို့ သိရပါတယ်။ တေးလားစ်ကောလိပ်မှာ သြစတြေးလျား တက္ကသိုလ်က အိုင်တီဘာသာရပ်တစ်ခုနဲ့ ကျောင်းပြီးထားတဲ့ ကျောင်းသားတစ်ဦးရဲ့ပြောပြချက်အရ အခု လက်ရှိအိုင်တီ ဘာသာရပ်ပြီးထားတဲ့ ကျောင်းသားတွေထဲက ၉၀ ရာခိုင်နှုန်းက အလုပ်အကိုင် ရရှိနေကြတယ်လို့ ဆိုတယ်။ ဘွဲ့ရထားပြီး သားလူတစ်ယောက်က အလုပ်အကိုင်ပေါ်မူတည်ပြီး အနိမ့်ဆုံး ရင်းဂစ် ၂၀၀၀ ၀န်းကျင်ကနေ ၃၅၀၀ ၀န်းကျင် အထိ ရရှိ နိုင်တယ်လို့ ဆိုတယ်။
‘ အလုပ်အကိုင် အခွင့်အလမ်းတွေက အရင်ကနဲ့ယှဉ်ရင် ၀င်တဲ့လူဦးရေကျသွားပြီး တော်တဲ့ကျောင်းသားဆို အလုပ်ရကြတယ်၊ ကာတင်တက္ကသိုလ်မှာ ကျောင်းပြီးတဲ့ မြန်မာသုံးဦးစလုံး အလုပ်ရသွားကြတယ်၊ အရည်အချင်း ရှိတဲ့ သူကိုပိုခန့်တယ်။
ဥပမာအရင်က ၀န်ထမ်းနှစ်ယောက်ထားပြီး တစ်လရင်းဂစ် ၂၀၀၀ ပေးတဲ့နေရာမှာ တော်တဲ့သူ တစ်ယောက်ပဲ ထားပြီး ရင်းဂစ် ၂၅၀၀ နဲ့ ခန့်ထားတာမျိုးရှိလာတယ်’ လို့မလေးရှား ကာတင်တက္ကသိုလ်မှာ အင်ဂျင်နီယာ ဘာသာရပ်နဲ့ ကျောင်းတက်နေသူတစ်ဦးက ပြောပါတယ်။
မလေးရှားနိုင်ငံရဲ့ တောင်ဘက်မှာ ထိုင်းနိုင်ငံရှိပြီးမြောက်ဘက်မှာ စင်ကာပူနိုင်ငံရှိတယ်၊ မလေးရှားမှာ အရှေ့မလေးရှာ၊ အနောက်မလေးရှားဆိုပြီး အစိတ်အပိုင်း ၂ ခုရှိပါတယ်။ အရှေ့မလေးရှားမှာ ဆာရာဝပ်ခ်နဲ့ ဆာဘတ် (Sabah) ဆိုပြီး ပြည်နည် ၂ ခုရှိတယ်။ အနောက်မလေးရှားကိုတော့ ပန်နီစူလာ မလေးရှားလို့ ခေါ်ဝေါ်ပါတယ်။ သူ့မှာ ပြည်နယ် ၁၁ ခုရှိပါတယ်။
မလေးရှားနိုင်ငံရဲ့ လူဦးရေ ၆၀ ရာခိုင်နှုန်းက မလေးရှားနိုင်ငံသားတွေ ဖြစ်ပြီး တရုတ်နိုင်ငံသား ၂၀ ရာခိုင်နှုန်း ၀န်းကျင်၊ အိန္ဒိယနိုင်ငံသား ၇ ရာခိုင်နှုန်းဝန်းကျင်နဲ့ အခြားနိုင်ငံသား တစ်ရာခိုင်နှုန်းဝန်းကျင်ရှိပါတယ်။
အများဆုံး အသုံးပြု တဲ့ ဘာသာစကားက အင်္ဂလိပ်ဘာသာစကားပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ ရုံးသုံးဘာသာစကားအနေနဲ့ Bahasa Melayu, မန်ဒရင်းတရုတ်ဘာသာစကားတို့ကို အသုံးပြုကြပါတယ်။
မလေးရှားနိုင်ငံက စင်ကာပူနိုင်ငံနဲ့ နှိုင်းယှဉ်ရင် စင်ကာပူနိုင်ငံက နိုင်ငံသေးတာကြောင့် လုံခြုံရေး ပိုကောင်း တယ်၊ လုံခြုံမှု အကောင်းဆုံးနိုင်ငံလို့ ဆိုကြတယ်။ မလေးရှားနိုင်ငံက နိုင်ငံကြီးဖြစ်နေတော့ စင်ကာပူလောက် လုံခြုံမှု အပြည့်အ၀မရှိဘူး။ ဒါပေမဲ့ ကိုယ်သွားတဲ့နေရာနဲ့ အချိန်ပေါ်မူတည်ပြီး ကွာခြားသွားတယ်လို့ မလေးရှားမှာ ကျောင်းတက် နေသူတစ်ဦးက ပြောပါတယ်။
Source : Modern Journal