|
ပုဂ္ဂလိက သင်တန်းကျောင်းတစ်ကျောင်းဖြစ်သော အမ်အအေသင်တန်းကျောင်းသည်
စင်ကာပူနိုင်ငံအခြေစိုက် ပုဂ္ဂလိကပညာရေးအဖွဲ့အစည်း
‘အေပီအမ်အိုင်-ကက်ပလန်’ နှင့် ပူပေါင်းကာ ဒီပလိုမာသင်တန်း ၇
ခုကိုစက်တင်ဘာလ ၁၈ ရက်နေ့မှစတင်ကာ
ရန်ကုန်မြို့၌ဖွင့်လှစ်သင်ကြားသွားမည် ဖြစ်ကြောင်း
အဆိုပါသင်တန်းကျောင်းမှ လုပ်ငန်းအတိုင်ပင်ခံ ဒေါ်သင်ဇာဦးက ပြောသည်။ ဖွင့်လှစ်မည့်သင်တန်းများမှာ စီးပွားရေးစီမံခန့်ခွဲမှု၊
ဘဏ္ဍာရေးစီမံခန့်ခွဲမှု၊ ဈေးကွက်စီမံခန့်ခွဲမှု၊
ထောက်ပံ့ပို့ဆောင်ရေးနှင့် ချိတ်ဆက်လုပ်ငန်းစီမံခန့်ခွဲမှု၊ ဘဏ်၊
အာမခံနှင့် ရင်းနှီးမြုပ်နှံ့မှုလုပ်ငန်းစီမံခန့်ခွဲမှု၊
ဟိုတယ်နှင့်ခရီးသွားလာရေး
လုပ်ငန်းဆိုင်ရာစီမံခန့်ခွဲမှုစသည်တို့နှင့် သက်ဆိုင်သည့်
ဒီပလိုမာသင်တန်းများဖြစ်ပြီး တစ်လလျှင် အတန်းသစ်တစ်တန်းစီ
ဖွင့်လှစ်သွားမည်ဖြစ်သည်။
အဆိုပါ သင်တန်းများမှာ ၁၀ လကြာမြင့်မည်ဖြစ်ပြီး
ရန်ကုန်မြို့ရှိ အမ်အေအေ သင်တန်းကျောင်းတွင် ၄ လ၊
စင်ကာပူနိုင်ငံရှိ ကက်ပလန် သင်တန်းကျောင်းတွင် ၆ လကြာ
သင်ကြားရမည်ဖြစ်ကာ တက္ကသိုလ်ဝင်တန်းအောင်မြင်ကာ
အင်္ဂလိပ်စာကျွမ်းကျင်မှု အသိအမှတ်ပြု စာမေးပွဲများ ဖြစ်သည့် IELDS
ရမှတ် ၅ မှတ်( သို့ ) TOFEL အမှတ် ၅၀၀ အ
နည်းဆုံးရရှိသူများလျှောက်ထားနိုင်မည် ဖြစ်သည်။“တကယ်လို့ တက်ချင်တဲ့ကျောင်းသားက ဒီအင်္ဂလိပ်စာ
ကျွမ်းကျင်မှုရမှတ်တွေမရှိရင်လည်း ကျွန်မတို့သင်တန်းကျောင်းက
ဖွင့်လှစ်တဲ့ အင်္ဂလိပ်စာကျွမ်းကျင်မှုသင်တန်းကို တက်ရောက်ပြီး
ဒီပလိုမာသင်တန်းဝင်ခွင့်လျှေက်ထား နိုင်သလို ကက်ပလန်ကျောင်းက
တိုက်ရိုက်စစ်ဆေးတဲ့ အင်္ဂလိပ်စာအရည်အချင်းစစ် စာမေးပွဲ ကို
ဝင်ရောက်ဖြေဆိုပြီး အောင်မြင်ရင်လည်း လျှောက်ထားနိုင်ပါတယ်” ဟု
ဒေါ်သင်ဇာဦးက ပြောသည်။
ရန်ကုန်မြို့တွင် ဖွင့်လှစ်မည့်အဆိုပါ
ဒီပလိုမာသင်တန်းများ၏ သင်ကြားမှုအပိုင်းကို အမ်အေအေသင်တန်းကျောင်းမှ
ဆရာများဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး သင်ရိုးညွှန်းတန်း နှင့်
စာမေးပွဲစစ်ဆေးမှုအပိုင်းကိုမူ စင်ကာပူနိုင်ငံရှိ
ကက်ပလန်သင်တန်းကျောင်းမှ တိုက်ရိုက် စီမံခန့်ခွဲသွားမည် ဖြစ်သည်။ထိုဒီပလိုမာသင်တန်းများ၏သင်တန်းကြေးများမှာဘဏ်၊
အာမခံနှင့် ရင်းနှီးမြုပ်နှံမှု လုပ်ငန်းစီမံခန့်ခွဲမှု
ဒီပလိုမာသင်တန်းအတွက် စင်ကာပူဒေါ်လာ ၉,၃၀၀ ခန့်၊ ဟိုတယ်နှင့်
ခရီးသွားလာရေးလုပ်ငန်းဆိုင်ရာ စီမံခန့်ခွဲမှုဒီပလိုမာသင်တန်းအတွက်
ဒေါ်လာ ၉,၂၀၀ ခန့်နှင့် ကျန်ဒီပလိုမာ သင်တန်းများအတွက် ဒေါ်လာ ၈,၉၀၀
ခန့်တို့ ဖြစ်ကြသည်။ထို့ပြင် ကျောင်းသားများအနေဖြင့်
ကျောင်းဝင်ခွင့်မှတ်ပုံတင်ကြေး စင်ကာပူဒေါ်လာ ၄၀၀၊
ကျောင်းသားအာမခံကြေး စင်ကာပူဒေါ်လာ ၉၅၊ sponsorship
ကြေးစင်ကာပူဒေါ်လာ ၆၀၀ တို့ကိုလည်း ပေးသွင်းရမည်ဖြစ်သည်။
ကျောင်းသားများအနေဖြင့် ထိုသင်တန်းကြေးများကို နှစ်ရစ်ခွဲကာ
ပေးသွင်းနိုင်ကြောင်းဆိုသည်။
ကျောင်းသားများအနေဖြင့် ထိုဒီပလိုမာသင်တန်းများ
ပြီးဆုံးပါက ကက်ပလန်သင်တန်း ကျောင်းမှ ဖွင့်လှစ်သည့်
အဆင့်မြင့်ဒီပလိုမာသင်တန်းများကို တက်ရောက်သင်ကြားနိုင်သကဲ့သို့
အဆိုပါကျောင်းနှင့်ချိတ်ဆက်ထားသည့် အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊
ဗြိတိန်၊ သြစတေးလျရှိ တက္ကသိုလ်များတွင် သက်ဆိုင်ရာဘွဲ့သင်တန်းများ၏
နောက်ဆုံးနှစ်သို့လည်း တိုက်ရိုက်တက်ရောက် နိုင်မည်ဖြစ်သည်။“ဒီပလိုမာသင်တန်း ပြီးဆုံးသွားလို့
လုပ်ငန်းခွင် ကိုဝင်ချင်ရင်လည်း အငယ်တန်းစီမံခန့်ခွဲသူ ရာထူးတွေနဲ့
ဝင်ရောက်လုပ်ကိုင်နိုင်မှာပါ။ စင်ကာပူမှာက ဒီအဆင့်ဆိုရင်
ပျမ်းမျှလစာ ဒေါ်လာ ၁,၈၀၀ ၀န်းကျင်လောက်ရလေ့ ရှိပါတယ် ”
ဒေါ်သင်ဇာဦးက ပြောသည်။၎င်းက ဆက်လက်၍ ထိုဒီပလိုမာသင်တန်းများကို
အောက်တိုဘာလအတွင်း (---မန္တလေး-)-မြို့ရှိ
အမ်အေအေသင်တန်းကျောင်းတွင်လည်း
ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း၊ ထိုလထဲတွင်ပင်
ကက်ပလန်သင်တန်းကျောင်းမှ
အိုင်တီဆိုင်ရာ ဒီပလိုမာသင်တန်းတစ်ခုကိုလည်း
ဖွင့်လှစ်သင်ကြားနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပြောသည်။
အမ်အေအေအသင်တန်းကျောင်းနှင့် ပူးပေါင်းဖွင့်လှစ်သည့်
‘အေပီအမ်အိုင်-ကက်ပလန်’ သင်တန်းကျောင်းသည်
စင်ကာပူနိုင်ငံပညာရေးဝန်ကြီးဌာနတွင် မှတ်ပုံတင်ထားသည့် ပုဂ၍လိက
ပညာရေးအဖွဲ့အစည်း တစ်ခုဖြစ်ပြီး Singapore Quality Class (SQC)
နှင့် Case Trust စသည့် အသိအမှတ် ပြုလက်မှတ်များကို ရရှိထားသည့်
ပညာရေးအဖွဲ့အစည်း ဖြစ်သည်။ အမ်အေအေ သင်တန်းကျောင်းကို ၁၉၉၆ ခုနစ်မှစတင်ကာ
ဖွဲ့စည်းတည်ထောင် ခဲ့ပြီး ၂၀၀၆် ခုနှစ်မှ စတင်ကာ Nanyang Institute
of Management နှင့် ပူးပေါင်းကာ ခရီးသွားလုပ်ငန်းနှင့်
ဟိုတယ်လုပ်ငန်းဆိုင်ရာ ဒီပလိုမာသင်တန်းကိုလည်း
ဖွင့်လှစ်သင်ကြားပေးနေသည်။
Source:
Myanmar Time Journal |