နိုင်ငံခြားတက္ကသိုလ်များသို့ တိုက်ရိုက်လျှောက်ထားနိုင်ရန်အတွက်
ကြိုတင်ပြင်ဆင်ကာ ၀င်ခွင့် ရရှိနိုင်သည့် အသိအမှတ်ပြုအောင်
လက်မှတ်များကို ရရှိရန် သင်ယူသူဦးရေ များလာကြောင်း
ပညာရေးဝန်ဆောင်မှုလုပ်ငန်းများထံမှ သိရသည်။ယခုနှစ်တွင် စင်ကာပူအစိုးရ တီမားဆက်နှင့် ရီပတ်ဘလစ်
ပိုလီတက္ကနစ်ကျောင်းတို့က တောင်းသော ကျောင်းဝင်ခွင့်အမှတ်များမှာ
ဘာသာစုံဂုဏ်ထူးမှတ်များ ဖြစ်နေသောကြောင့် ယင်းနည်းပညာ ကျောင်းများ၏
ဝင်ခွင့်အတွက် အကြိုပြင်ဆင်မှုသင်တန်းများ တက်ရောက်လာကြ
ကြောင်းသိရသည်။
ပိုလီနည်းပညာကျောင်းသို့ လျှောက်ထားရန် အမှတ်မမီသော
ကျောင်းသားများအတွက် အကြိုပြင်ဆင်မှုသင်တန်းကို
ရန်ကုန်မြို့အာဗီစင်တာက ပို့ချပေးပြီး မြန်မာကျောင်းသားများကို
စေလွှတ်ခဲ့ရာ ပြီးခဲ့သော ၁၂ နှစ်တာအတွင်း ကျောင်းသား ၁,၀၀၀
ကျော်တက်ရောက်ခဲ့ကြောင်း အာဗီစင်တာက ဥက္ကဋ္ဌမစ္စတာအဲလက်ခ်အန်းက
ပြောသည်။ “အမှတ်ကောင်းပြီးသား တော်တဲ့ကျောင်းသားတွေကို
တက္ကသိုလ်လည်း သွားနိုင်တဲ့အကြောင်း ကျွန်တော်တို့က
အကြံပြုဆွေးနွေးပေးပါတယ်။ တက္ကသိုလ်သွားဖို့နဲ့ ပိုလီဝင်ခွင့်
အမှတ်မမီတဲ့ကျောင်းသားတွေ အတွက်
ဒီဝင်ခွင့်ကြိုတင်ပြင်ဆင်မှုအတန်းကို ဖွင့်ထားပေးတာပါ။
ကျောင်းသားရဲ့အင်္ဂလိပ်စာအရည်အချင်းပေါ် မူတည်ပြီး၁၅ လနဲ့
နှစ်နှစ်အထိ တက်ရောက်ရပါတယ်” ဟု ၎င်းက ဆိုသည်။
ကုန်ကျစရိတ်သက်သာပြီး ကာလတိုအတွင်း
ပြည်ပတက္ကသိုလ်များကို တိုက်ရိုက်တက်ရောက်ခွင့် ရနိုင်မည့်
ရနိုင်မည့် Association of Business Executive (ABE) ကပို့ချသော
သင်တန်းများကို တက်ရောက် သူမှာလည်း လွန်ခဲ့သည့် ၁၀ နှစ်ခန့်က ၁၀
ဦးကျော်သာရှိခဲ့သော်လည်း ယခုအခါ ၂၅၀ ခန့်အထိ တိုးလာကြောင်း
Myanmar Human Resources ၏ မန်နေဂျင်းဒါရိုက်တာ ဦးအေးကျော်က
ပြောသည်။ ABE ကချီးမြှင့်သော ဒီပလိုမာသည်နိုင်ငံတကာ
တက္ကသိုလ်များအတွက် တက္ကသိုလ်ဝင်တန်း အောင်လက်မှတ်မလိုဘဲ ABE
အောင်လက်မှတ်နှင့် ဒီပလိုမာများကို တစ်နှစ်မှ ခြောက်လအတွင်း
နှစ်ခုမှ သုံးခုအထိ ရနိုင်သည်။
“ABE စီးပွားရေးစီမံခန့်ခွဲမှု
ဒီပလိုမာပြီးထားပြီဆိုရင် နိုင်ငံတကာတက္ကသိုလ်တွေကို
ကျောင်းလျှောက်လို့ ရပါပြီ။ အသက် ၁၈ နှစ်ပြည့်ပြီးတဲ့သူ ဒါမှမဟုတ်
ပထမနှစ်ရဲ့ ဒုတိယနှစ်ကျောင်းသားတွေက ဒီပလိုမာကို
တန်းတက်ခွင့်ရပါတယ်” ဟု Professional Studies Company
ဈေးကွက်မြှင့်တင်ရေးနှင့် ပြန်ကြားရေး အရာရှိကိုစည်သူအောင်က
ပြောသည်။ထို့အတူ အင်္ဂလန်တက္ကသိုလ်များသို့
တက်ရောက်လိုသူများကလည်း Higher National Diploma သင်တန်းကို
တက်ရောက်ကြကြောင်း န၀ရတ် ပညာရေးကကျင်းပသော ပညာရေးဆွေးနွေးပွဲတွင်
Worldwide Education Management မှ ဒေါက်တာနေ၀င်းနိုင်က
ပြောကြားသည်။
“ဒါကို ဟိုမှာတက်ရင် ပေါင် ၃,၉၅၀ လောက်ကုန်မှာပါ။
မြန်မာပြည်မှာပဲ သင်ရင် ဒေါ်လာ ၁,၂၀၀၀ ကျော်လေးပဲကုန်မယ်”
ဟု၎င်းက ပြောသည်။ မြန်မာကျောင်းသား အများစု၏အားနည်းချက်မှာ
နိုင်ငံတကာနှင့် ထိတွေ့မှုနည်းသောကြောင့် မိမိတို့ရရှိထားသော
ပညာ၏တန်ဖိုးမှန်ကု ပြည်ပတွင် အသုံးမချတတ်ခြင်းနှင့်
အင်္ဂလိပ်စကားပြောစွမ်းရည် နည်းပါးခြင်းတို့ ဖြစ်ကြောင်
ဒေါက်တာနေ၀င်းနိုင်ကဆိုသည်။