၂၀၁၀-၂၀၁၁ ပညာသင်နှစ်အတွက် ဖွင့်ခွင့်ရမည့် ပုဂ္ဂလိကကျောင်းများ၏
သင်ရိုးနှင့် အခြေခံ သတ်မှတ်ချက်များ သည် အစိုးရကျောင်းများနှင့်
တန်းတူဖြစ်.
၂၀၁ဝ-၂၀၁၁ ပညာသင်နှစ်အတွက် ဖွင့်ခွင့်ရမည့် ပုဂ္ဂလိကကျောင်းများ၏
သင်ရိုးနှင့် အခြေခံ သတ်မှတ်ချက်များသည် အစိုးရကျောင်းများနှင့် တန်းတူ
ဖြစ်ကြောင်း အခြေခံပညာရေးအသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရပါသည်။
ပုဂ္ဂလိကကျောင်း တက်ရောက်ခွင့်အား ပဉ္စမတန်းမှ တက္ကသိုလ်ဝင်တန်းအထိ အစိုးရ
သင်ရိုး ညွှန်းတမ်းများအတိုင်း သတ်မှတ်ထားကာ ကျောင်းဝတ်စုံသည်လည်း
အစိုးရ ကျောင်းများနှင့်တန်းတူ ရှိရင်းစွဲဝတ်စုံအတိုင်းပင်
တစ်ပြေးညီဖြစ်ပြီး စာမေးပွဲစစ်ဆေးခြင်းကို ဒသမတန်းတစ်ခုတည်းသာ
အစိုးရကျောင်းများတန်းတူ စစ်ဆေးသွားမည်ဟု သိရှိရပါသည်။
ပုဂ္ဂလိကကျောင်းများအနေဖြင့် ကျောင်းပရိဝုဏ်၌ ဘောလုံးကွင်း၊
မာလ်တီမီဒီယာခန်း၊ ဘာသာစကား သုံးစွဲနိုင်သည့်အခန်း၊ စာကြည့်တိုက်၊
ကျောင်းအုပ်ကြီး ရုံးခန်း၊ ကျောင်း သားရေးရာဌာနများအပြင်
တက္ကသိုလ်ဝင်တန်းတွင် သတ်မှတ်ရာခိုင်နှုန်းအတိုင်း အောင်မြင်ရမည်ဖြစ်ကာ
အောင်မြင်ခြင်းမရှိပါက ကျောင်းဖွင့်ခွင့် ပြန်လည်ရုပ်သိမ်းသွားမည်
ဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။ ပုဂ္ဂလိကကျောင်းများ ဖွင့်ခွင့်အား
အနယ်နယ်အရပ်ရပ်မှ ဘော်ဒါဆောင်များ၊ ပညာရေးစင်တာများ အနေဖြင့်
စောင့်မျော်နေသည်ကိုလည်း မန္တလေးနှင့် လားရှိုးမြို့နယ် များတွင်
ဖွင့်လှစ်ထားသည့် Tip Top ဘော်ဒါနှင့် ပညာရေးစင်တာမှ ဦးဇော်မင်းထွန်းက
''ပုဂ္ဂလိက ကျောင်းတွေပေးလာတဲ့အတွက် သူ့စံနှုန်းသတ်မှတ်ချက်အတိုင်း
ရှိဖို့ ကျွန်တော်တို့ဘက်က ပြင်ဆင်လာ ရပါတယ်။ ပြီးတော့ ပညာရေး
လောကမှာအပြိုင်အဆိုင်တွေ ဖြစ် လာပြီဆိုတော့ ပညာရေးစနစ်တွေ ဒီထက်
ပိုကောင်းလာမယ်။ သင် ကြားမယ့် ဆရာတွေကအစ အရည်အသွေးပြည့်မီဖို့ Training
တွေ စပေးနေပါပြီ။ လုပ်ခွင့်လိုင်စင် ရလာပြီဆိုတာနဲ့
စတင်လည်ပတ်သွားမှာပါ'' ဟု ပြောပြခဲ့ပါသည်။ ထို့ပြင် မြန်မာနိုင်ငံရှိ
နိုင်ငံ တကာသင်ရိုးများဖြင့် သင်ကြားနေသော ပုဂ္ဂလိက
အထက်တန်းကျောင်းများသည်လည်း ယင်းကဲ့သို့ ပုဂ္ဂလိက ကျောင်းများနည်းတူ
သင်ကြားခွင့်ရနိုင်ရန်နှင့် ယင်းကျောင်းမှ အောင်မြင်ထားသူများ အနေဖြင့်
နိုင်ငံခြား တက္ကသိုလ်များသို့ တက်ရောက်မှု မပြုနိုင်သေးခင်
နိုင်ငံရှိတက္ကသိုလ်များသို့ တက်ရောက်ခွင့်ရလာကာ
တွဲဖက်ပညာရေးသင်ကြားခွင့် အစီအစဉ်များပြုလုပ်နိုင်ရန် ကြိုတင်
စီစဉ်မှုများစဉ်းစားနေပြီ ဖြစ်ကြောင်း MLA ကျောင်းမှ ဒေါက်တာစိုးဝင်းဦး
က ပြောပြခဲ့ပါသည်။
''အခု နိုင်ငံတကာသင်ရိုးတွေ သင်နေတဲ့ ပုဂ္ဂလိကအထက်တန်း
ကျောင်းတွေအများကြီးရှိလာတယ်။ အဲဒီကျောင်းတက်ပြီးတဲ့ကလေးတွေ ထဲမှာ ၁၀
ရာခိုင်နှုန်းလောက်သာ နိုင်ငံခြားကို ကျောင်းသွား တက်နိုင်တယ်။
နိုင်ငံခြား မထွက်နိုင်တဲ့ ကလေးတွေ ဒီမှာ အများကြီးပါပဲ။ သူတို့က ဒီက
တက္ကသိုလ်တွေမှာလည်း တက်လို့မရတဲ့အတွက် သူတို့သိထားတာတွေက
အသုံးမ၀င်ကြဘူး ဖြစ်နေတယ်။ အဲဒီကလေးတွေလည်း အဆင်ပြေလာစေဖို့ ပုဂ္ဂလိက
ကျောင်းတွေမှာTwinning Program တွေပြုလုပ်သွားဖို့ ပြင်ဆင်မှုတွေ
လည်းစနေပါပြီ''ဟု နိုင်ငံရှိပုဂ္ဂလိက အထက်တန်းပညာရေးသင်ကြားနေသည့်
ကျောင်းများ၌ ဆရာဖြစ်လုပ်ကိုင်နေသူ တစ်ဦးက ပြောပြခဲ့ပါသည်။
ပုဂ္ဂလိကကျောင်းများ ချထားခွင့် ဆိုင်ရာများနှင့် ပတ်သက်၍လည်း
စီးပွားရေး လုပ်ငန်းရှင်များထဲမှ ပညာရေးစိတ်ပါဝင်စားသူများက ရင်းနှီး
မြှုပ်နှံမှု စတင်နေကြပြီဖြစ်ကြောင်း
ပုဂ္ဂလိကကျောင်းဖွင့်ခွင့်ရရန်ကြိုးပမ်းနေသူတစ်ဦးက
ပြောပြခဲ့ပါသည်။နိုင်ငံတစ်နိုင်ငံအနေဖြင့်ပုဂ္ဂလိက ၏အခန်းကဏ္ဍသည်
ဖွံ့ဖြိုး တိုးတက်မှု အတွက် အထောက်အကူ တစ်ရပ်ဟု ယူဆနိုင်ပေရာ
ယင်းအပေါ်တွင် လူတန်းစားမရွေး ပါဝင်နိုင်သည့် ပညာရေးဖြစ်လာနိုင်စေရန်
အဆိုပါ ပုဂ္ဂလိက ကျောင်း ဖွင့်ခွင့်ရသူများအနေဖြင့်
ထည့်သွင်းစဉ်းစားသင့်ကြောင်း လေ့လာသူများက အကြံပြုပြောကြားခဲ့ပါသည်။
(5-2-2010)
Source: Ko Lin (Myanmar Training)
Cambridge GCE ‘O’ Level ဖွင့်ပွဲအခမ်းအနား.
စင်္ကာပူနိုင်ငံ Cambridge Institute GCE ‘O’ Level ဖွင့်ပွဲအခမ်းအနားကို
Feb 1 ရက်နေ့က ရန်ကုန်မြို့ပြည်လမ်းရှိ IBC ခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါ Cambridge Institute GCE ‘O’ Level သင်တန်းကို
မြန်မာနိုင်ငံတွင် Shine Learning Academy နှင့် SR Education Services
Co.,Ltd တို့တွင်ဖွင့်လှစ်သင်ကြားပေးနေသည်။ အခမ်းအနားတွင်
အခမ်းအနားမှူးများအဖြစ် Shine Learning Academy မှ
ကိုကျော်ဇေယျာထွန်းနှင့် SR Education မှ မနဒီတို့က ဆောင်ရွက်ခဲ့ကြသည်။
အခမ်းအနားစစချင်း Cambridge Institute မှ Director Ms.Sabariah Hussein
က အဖွင့်အမှ စကားပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး Cambridge Institute GCE
‘O’ Level ကျောင်းသား/သူများ၏ Talent Presentation ကို
တင်ဆက်ပြသခဲ့သည်။
ထို့နောက် ကျောင်းသား/သူများကိုယ်စား မောင်စောဂျေနက်မူနှင့်
မပွင့်အိဖြူတို့က ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ဆက်လက်ပြီး Cambridge
Institute မှ Manager Ms.Aung Kim Moon က Mr and Ms Friendship ရရှိသော
ကျောင်းသား ၁ ဦးနှင့် ကျောင်းသူ ၁ ဦးကို ဆုချီးမြှင့်ခဲ့ပါသည်။
Cambridge Institute မှ Director Ms. Saboriah Hussein က SR Education
နှင့် Shine Learning Academy တို့အား Authorization Certificate
များပေးအပ်ရာ SR Education မှ CEO ဦးနေလင်းဖြိုးနှင့် Shine Learning
Academy မှ Executive Director ဒေါစန်းစန်းဦး တို့မှ
လက်ခံရယူခဲ့ပါသည်။ ထို့နောက် SR Education မှ ဦးနေလင်းဖြိုးနှင့်
Shine Learning Academy မှ Mr.Simon တို့က
အပိတ်နှုတ်ဆက်စကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
(5-2-2010)
Source: Ko Lin (Myanmar Training)
MDIS မှ Engineering ဘာသာရပ်များကို 2010 ခုနှစ်အတွက် Study Grant
ချီးမြှင့်မည်.
MDIS ကျောင်းမှ မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံများမှ
ကျောင်းသား/သူများအတွက် စင်္ကာပူဒေါ်လာ 2.5 million တန်ဖိုးရှိသော ပမာဏကို
2010 ခုနှစ် အတွက် Study Grant များချီးမြှင့်မည်ဖြစ်ကြောင်း MDIS
ကျောင်းကိုယ်စားလှယ် SR Education မှသိရပါသည်။ ပေးအပ်မည့် Study Grant
များမှာ Master ကျောင်းသားများအတွက် SGD 1500 , Bechelor
ကျောင်းသားများအတွက် SGD 1500, Engineering + Higher Dip
ကျောင်းသားများအတွက် SGD 2000 နှင့် Engineering Dip
ကျောင်းသားများအတွက် SGD 500 တို့ကို ချီးမြှင့်သွားမည်ဖြစ်သည်။
Study Grant များမှ ဦးရာလူစနစ်ဖြစ်သဖြင့် 2010 June 30 နောက်ဆုံးထား၍
လျှောက်ထားနိုင်ပါသည်။ ၎င်းရက်ထက် နောက်ကျသော Application များအတွက်
ထည့်သွင်း စဉ်းစားမည် မဟုတ်ပါ။ Study Grant လျှောက်ထားရန်
လိုအပ်ချက်မှာ အနည်းဆုံး ၁ဝ တန်းအောင်ဖြစ်ရမည်။ အမှတ်ကောင်းရသူများ၊
IELTS 6.0 ရှိထားသူများပို၍ အလားအလာကောင်းနိုင်ပါသည်။
အသေးစိတ်မေးမြန်းလိုပါက SR Education MWEA Tower , Room 104, 288/290
ရွှေတိဂုံဘုရားလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့ ။ ဖုန်း 374747 ၊
374748 သို့ဆက်သွယ်စုံစမ်းနိုင်ပါသည်။
(5-2-2010)
Source: Ko Lin (Myanmar Training)
Cambridge Institute မှ မြန်မာကျောင်းသားများအတွက်
စကောလားရှစ်ပေးရန်စီစဉ်.
စင်္ကာပူနိုင်ငံ Cambridge Institute ကျောင်းမှ
မြန်မာကျောင်းသားများအတွက် စကောလားရှစ်ပေးရန် အစီအစဉ်ရှိကြောင်း
Cambridge Institute မှ Director Ms. Saboriah Hussein က ဖေဖေါ်ဝါရီ ၁
ရက်နေ့တွင်ပြောကြားသည်။ Ms. Saboriah Hussein က Cambridge Institute ၏
GCE ‘O’ Level တက်သော မြန်မာကျောင်းသားများအတွက် အနည်းဆုံး Partial
(50%) စကောလားရှစ်မှ Full စကောလားရှစ်အထိ ပေးအပ်ရန် စီစဉ်ထားကြောင်း
Feb 1 ရက်နေ့က IBC တွင် ပြုလုပ်သော Cambridge Institute ၏ GCE ‘O’
Level Open Ceremory တွင်ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် Cambridge Institute ၏ GCE ‘O’ Level သင်တန်းများကို
Shine Learning Academy နှင့် SR Education တွင်သင်ကြားပို့ချနေပါသည်။
အသေးစိတ်သိလိုပါက Shine Learning Academy ဖုန်း 393041 ၊ 09 5100556
နှင့် SR Education ဖုန်း 374747 ၊ 374748
များသို့ဆက်သွယ်စုံစမ်းနိုင်ပါသည်။
(5-2-2010)
Source: Ko Lin (Myanmar Training)
ဗြိတိန်ကျောင်းအချို့တွင် ကျောင်းအပ်ထားသောမြန်မာများ
ငွေကြေးဆုံးရှုံးမှုဖြစ်ပွား.
ဗြိတိန်နိုင်ငံရှိ နိုင်ငံတကာကျောင်းများသို့ တက်ရောက်ခွင့်ရှိသော
ကျောင်းအရေအတွက် လျော့ကျသွားခြင်း ကြောင့် မြန်မာကျောင်းသားအချို့
ကျောင်းလခများ ဆုံးရှုံးမှုရှိနေကြောင်း သတင်းရရှိသည်။ ဇန်နဝါရီလ ၂၁
ရက်တွင် UKBA ဝက်ဘ်ဆိုက်၌ ဖော်ပြထားသည့် နိုင်ငံတကာမှ ကျောင်းသားများ
တက်ရောက်နိုင်သော ဗြိတိန်ကျောင်းများ၏ အရေအတွက်လျော့ကျသွားခြင်း
ဖြစ်သည်။ နိုင်ငံတကာကျောင်းသားများသည် ဗြိတိန်နိုင်ငံတွင်
ပညာသင်ကြားရန် UKBA ဝက်ဘ်ဆိုက်၌ ဖော်ပြထားသော ကျောင်းများတွင်
ကျောင်းအပ်ကြရသည်။ ၎င်းဝက်ဘ်ဆိုက်၌ မပါဝင်တော့သည့် ကျောင်းများတွင်
ကျောင်းအပ်ထားသော ကျောင်းသားများသည် ယခုအခါ
ကျောင်းသားဗီဇာအပယ်ခံနေရပြီး ၎င်းတို့ပေးသွင်းထားသော ကျောင်းလခများလည်း
ဆုံးရှုံးမှုရှိနေကြောင်း သိရသည်။
“တစ်ချိန်ကအသိအမှတ်ပြုပေမယ့် အခုအသိအမှတ်မပြုတော့တဲ့ ကျောင်းနဲ့
ကျောင်းသားဗီဇာလျှောက်တဲ့အခါ အပယ်ခံရတယ်။ မသိလို့တင်ခဲ့တဲ့
ကျောင်းသားတွေလည်း အပယ်ခံရတယ်။ ကျောင်းသားတွေ သွင်းထားတဲ့
ကျောင်းလခလည်းဆုံးရှုံးနေတယ်။ ကျောင်းတွေလည်းမရှိတော့ဘူး။
ခန့်မှန်းခြေကျောင်း ၃ဝ ကျော်ပြုတ်သွားတယ်။ ဝက်ဘ်ဆိုက်ထဲက B list
မှာပါရင် လုံးဝကျောင်းမအပ်နဲ့တော့။ အခုက A list
ကနေတိုက်ရိုက်ပြုတ်သွားတဲ့ ကျောင်းတွေလည်းရှိတယ်။ နောင်လည်း
ထပ်ပြုတ်မယ့်အနေထားရှိတယ်” ဟု ဗြိတိန်ပညာရေး
ကျွမ်းကျင်သူတစ်ဦးကပြောသည်။ ကျောင်းသားများသည် ပြည်တွင်း၌
ကျောင်းသားဗီဇာ လျှောက်ထားရန် ဗြိတိန်နိုင်ငံရှိကျောင်းများတွင်
ဆွေမျိုးများ၊ မိတ်ဆွေများနှင့် အေဂျင်စီတို့မှ တစ်ဆင့်ကျောင်းအပ်၍
ငွေပေးသွင်းပြီးနောက် ပိုင်ဆိုင်မှုအတွက် ဘဏ်ငွေစာရင်း ၂၈ ရက်ပြသရန်
စောင့်ဆိုင်းနေရလေ့ရှိသည်။
၎င်းအချိန်များတွင် မိမိကျောင်းသည် သတ်မှတ်စာရင်း၌ ပါဝင်နေပြီး ကျောင်းသား
ဗီဇာလျှောက်ထားချိန်တွင် သတ်မှတ်စာရင်း၌ မပါဝင်တော့၍ ကျောင်းသား
တချို့မှာ နစ်နာဆုံးရှုံးမှုနှင့်ကြုံတွေ့ နေရကြောင်းသိရသည်။
“အစ်မအပ်ထားတဲ့ ကျောင်းက ၂၂ ရက်ထိတော့ သတ်မှတ်စာရင်းမှာပါနေတယ်။
ကျောင်းသားဗီဇာလျှောက်တဲ့ အချိန်မှာ ပြုတ်သွားရင်တော့
ကိုယ်ရှုံးပြီပေါ့။ အစ်မသူငယ်ချင်းတစ်ယောက်က သူအပ်ထားတဲ့ကျောင်းက
သတ်မှတ်စာရင်းမှာ မပါတော့ဘူး၊ အခု ကျောင်းလခလည်း ပြန်မရသေးဘူး။ အစ်မက
ကျောင်းလခအတွက် ပေါင်စတာလင် ၁,၁၅ဝ သွင်းထားတယ်။ တစ်နှစ်စာအတွက်
တစ်ဝက်ခွဲသွင်းထားတာပါ” ဟု လန်ဒန်စီးပွားရေးနှင့် ဘဏ္ဍာရေးကျောင်း (LSDF)
တွင်သွားရောက်ပညာသင်ယူမည့် ကျောင်းသူတစ်ဦးကဆိုသည်။ ဗြိတိန်နိုင်ငံတွင်
သွားရောက်ပညာသင်ယူမည့် ကျောင်းသားများအနေဖြင့် ယခုကဲ့သို့
အပြောင်းအလဲများ ဖြစ်ပေါ်နေခြင်းကြောင့် ကျောင်းသားပြည်ဝင်ခွင့်နှင့်
ပတ်သက်၍ လမ်းညွှန်
ဝက်ဘ်ဆိုက်ဖြစ်သော www.ukba.home-of-fice.gov.uk တွင်
နောက်ဆုံးသတင်းအချက်အလက်များကို ဝင်ရောက်ကြည့်ရှု လေ့လာသင့်ကြောင်း
ပညာရေး ကျွမ်းကျင်သူ တစ်ဦးကအကြုံပြုသည်။
(5-2-2010)
Source: 7Days New Journal