Home | Forum | Contact Us | Site Map

Download Myanmar Font For Mozila Firefox Download Myanmar Font 

Studying Abroad

   Singapore

   Malaysia

   Australia

   England

   Thailand

Quiz Program

Myanmar Search International မှ sponsor ပေးသော Oxford Dictionary ရရှိ နိုင်မည့် အထူး အခွင့် အရေး ... 

 

SUBSCRIBE

 

 

 

 

 

 

 

 

 

 

 


News » Local News

IELTS ဖြေဆိုသည့် မြန်မာကျောင်းသားတစ်နှစ် ၂ဝဝဝ ကျော်

ပြည်ပနိုင်ငံများတွင် အဆင့်မြင့်ပညာများ သွားရောက်သင်ယူနိုင်ရန် အင်္ဂလိပ်စာ ကျွမ်းကျင်မှု အရည်အချင်းစစ် စာမေးပွဲ (IELTS, International English Language Testing System) ကို ဝင်ရောက်ဖြေဆိုကြသည့် မြန်မာကျောင်းသား အရေအတွက်သည် နှစ်စဉ်တိုးတက်လျက် ရှိကြောင်း သိရသည်။

ဗြိတိသျှကောင်စီ (မြန်မာ)မှ လစဉ်တစ်လ တစ်ကြိမ်ကြီးမှူး စစ်ဆေးလျက်ရှိသော IELTS စာမေးပွဲကို ဝင်ရောက်ဖြေဆိုကြသည့် မြန်မာကျောင်းသားအရေအတွက် သည် ၂ဝဝ၈ ခုနှစ် ဇန်နဝါရီလ မှ ဒီဇင်ဘာလအထိ ၂၂၈၁ ဦးရှိရာမှ ၂ဝဝ၉ ခုနှစ်ဇန်နဝါရီလ မှ အောက်တိုဘာလထိ စာရင်းသွင်းဝင်ရောက်ဖြေဆိုမည့် ကျောင်းသား ဦးရေမှာ ၂၄၄၃ ဦးထိရှိနေပြီ ဖြစ်ကြောင်း အဆိုပါဌာနမှ သိရသည်။

မြန်မာနိုင်ငံမှ IELTS စာမေးပွဲကို ဝင်ရောက်ဖြေဆိုကြသည့် ကျောင်းသားအရေအတွက်မှာ နှစ်စဉ်တိုး တက်လာနေကြောင်း ဗြိတိသျှကောင်စီ(မြန်မာ)၏ စာမေးပွဲဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

၎င်း စာမေးပွဲဝင်ရောက်ဖြေဆိုကြသည့် ကျောင်းသားအများစုသည် တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ထားသူများနှင့် တက္ကသိုလ် တက်ရောက်ဆဲ ကျောင်းသားများ ဖြစ်ကြောင်း IELTS စာမေးပွဲ ပြင်ဆင်မှုသင်တန်း ကျောင်းတစ်ခု၏ တာဝန်ရှိသူက ဆိုသည်။

“IELTS တက်တဲ့ ကျောင်းသားတချို့က ဘာမှ ရည်ရွယ်ချက်မရှိဘူး။ သူငယ်ချင်းတွေတက်နေလို့၊ အိမ်ကတက်ခိုင်းလို့ တက်ကြတာရှိတယ်။ တကယ်က နိုင်ငံခြားမှာ ကျောင်းသွားတက်မယ့် သူတွေ အတွက်တက် သင့်တာပါ။” ဟု မေအင်တာနေရှင်နယ် ပညာရေးစင်တာမှ ဒါရိုက်တာဖြစ်သူ ဦးဥာဏ်ဇော်ထွန် ကပြောသည်။

ကျောင်းသားများ၏ အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှုကို စစ်ဆေးနေသည့် ၄င်းစာမေးပွဲကို University of Cambridge ESOL Examinations၊ British Council နှင့် IDP Education Australia တို့ ပူးပေါင်း စီမံဆောင်ရွက်နေခြင်း ဖြစ်သည်။

IELTS စာမေးပွဲတွင် ပညာရပ်ဆိုင်ရာ (Academic Version)နှင့် အထွေထွေ (General Training Version ) ဟူ၍ နှစ်မျိုးခွဲခြားထားသည်။ Academic Version ကိုတက္ကသိုလ်နှင့် တခြားပညာရေးကျောင်းများ တွင် အဆင့်မြင့် ပညာသင်ကြားမည့်သူများနှင့် General Training Version ကို ရွှေ့ပြောင်း အလုပ်သမားအနေဖြင့် ရည်ရွယ်သူများ က ဖြေဆိုရမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် Academic Version ကိုဖြေဆိုကြသူများပြားပြီး General Version ကိုဖြေဆိုကြသူမှာ ၂၀၀ဂ ခုနှစ်တွင် ၁၄၃ ဦး၊ ၂ဝဝ၉ ခုနှစ်တွင် လက်ရှိအချိန်ထိ ၁၂၇ ဦးသာရှိကြောင်းသိရသည်။

အဆိုပါ အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှု စာမေးပွဲတွင်အကြား (Listening)၊ အဖတ် (Reading)၊ အရေး (writing) နှင့်အပြော (Speaking)တို့ကို စုစုပေါင်း သုံးနာရီ ကြာ စစ်ဆေးသည်။

“ Listening ကအကြမ်းဖျင်း မိနစ် ၃ဝ ကြာမယ်။ ၁ဝ မိနစ်က Transfer Time ဖြစ်ပါတယ်။ Reading က အချိန် ၁ နာရီရတယ်။အပုဒ်ကြီး သုံးခုရှိမယ်။ တစ်ပုဒ်ကို မိနစ်၂ဝ လောက်သုံးသင့်တယ်။ Writing အတွက် အချိန်၁ နာရီမှာ တစ်ပုဒ်ကို မိနစ်၂၀၊ ကျန်တစ်ပုဒ်ကို မိနစ် ၃ဝ အသုံးပြုသင့်ပါတယ်။ Speaking ကတော့၁၅ မိနစ်လောက် ကြာပါတယ် ” ဟု ဦးဥာဏ်ဇော်ထွန်းက ပြောသည်။

IELTS စာမေးပွဲ၏ အမြင့်ဆုံးရမှတ်မှာ အမှတ် ၉ ဖြစ်ပြီး ကျောင်းသားများအနေဖြင့် အနည်းဆုံးအမှတ် ၆ ဒသမ ဝ သို့မဟုတ် အမှတ် ၆ ဒသမ ၅ ရရှိအောင် ဖြေဆို သင့်ကြောင်း ပြည်ပ ပညာရေး ဝန်ဆောင်မှု လုပ်ငန်းများက ပြောသည်။

အင်္ဂလိပ်ဘာသာစကား အခြေခံ ရှိထားသူများအနေဖြင့် IELTS စာမေးပွဲဖြေဆိုမည့် ဆိုပါက ပြင်ဆင်မှု သင်တန်းကို သုံးလ၊ ခြောက်လ သို့မဟုတ် တစ်နှစ်ခန့် မိမိ ကျွမ်းကျင်မှုပေါ် မူတည်၍ တက်ရောက် လေ့လာသင့်ကြောင်း ဦးဥာဏ်ဇော်ထွန်းက ပြောသည်။

“ဆယ်တန်းမှာ အင်္ဂလိပ်စာ ဂုဏ်ထူးပါထားရင်တော့ သုံးလပြင်ဆင်ပြီး စာမေးပွဲဝင်ဖြေမယ်ဆိုရင် အမှတ် ၆ ဒသမ ဝ၊ ၆ ဒသမ ၅ လောက်ရနိုင်ပါတယ်။ ပွက်ကာ သီကာ အောင်လာရင်တော့ ၆ လကနေတစ်နှစ်ကို သင်ယူရပါမယ်” ကျွန်တော်တို့ ဆီမှာ တစ်နေ့နှစ်နာရီနဲ့ တစ်ပတ်ကို ငါးရက် သင်ပါတယ်။ အဓိကအနေနဲ့ IELTS သင်တန်းတက် မယ်ဆိုရင် အင်္ဂလိပ်စာ အခြေခံပါ လာရပါမယ်။ သူ့ရဲ့သဘောတရားအရ စာမေးပွဲပြင်ဆင်မှု သင်တန်းဖြစ်တဲ့အတွက် အင်္ဂလိပ်စာ အခြေခံတွေကို သင်တော့မှာ မဟုတ်ပါဘူး။ ဆယ်တန်း အောင်ပြီးသား ကျောင်းသားတွေအနေနဲ့ လွယ်လွယ်နဲ့ မတွေ့သင့်ပါဘူး” ဟု၎င်းက အကြုံပြု သုံးသပ်သည်။ IELTS စာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသားများ အနေဖြင့် ပြင်ဆင်မှု သင်တန်းများ တက်ရောက်ကြပါက စာမေးပွဲနှင့် ရင်းနှီးနေစေရန် အကြိုစာမေးပွဲများကို အကြိမ်ကြိမ် ဖြေဆိုကြရမည် ဖြစ်ပြီး ဗြိတိသျှ ကောင်စီ(မြန်မာ)တွင်လည်း IELTS အစမ်းစာမေးပွဲကို အခမဲ့ဖြေဆို လေ့ကျင့်နိုင်သည်။ရန်ကုန်မြို့၌ IELTS ပြင်ဆင်မှု သင်တန်းကို တစ်ဦးချင်းသော် လည်းကောင်း၊ အတန်းလိုက်သော် လည်းကောင်း ဝန်ဆောင်မှု ပေးသည့် လုပ်ငန်းများ နေရာ အနှံအပြား တည်ရှိလျှက်ရှိပြီး သင်တန်းကြေးသည်လည်း ပုံမှန်အင်္ဂလိပ်ဘာသာ စကားသင်တန်းများထက် ပိုမို မြင့်မား လျက်ရှိသည်။

IELTS အမှတ်သည် သက်တမ်းအားဖြင့် ကန့်သတ်ချက်ရှိပြီး ဖြေဆိုထားသူ၏ ဘာသာစကားကျွမ်းကျင်မှုကို နှစ်နှစ်အတွက်သာ အသိအမှတ်ပြု အကျုံးဝင်မှု ရှိသည်။
လက်ရှိအချိန်တွင် မြန်မာကျောင်းသားများသည် သြစတြေးလျ၊ အင်္ဂလန်၊ စင်ကာပူ၊ မလေးရှားစသည့် နိုင်ငံများတွင် သွားရောက် ပညာသင်နိုင်ရန် အတွက် IELTS စာမေးပွဲများကို ဝင်ရောက် ဖြေဆိုနေကြခြင်းဖြစ်ပြီး ယခုအခါ၎င်းအမှတ်ကို လက်ခံသည့် အမေရိကန်နိုင်ငံရှိ တက္ကသိုလ်၊ ကောလိပ်၊ ကျောင်းများသည်လည်း တဖြည်းဖြည်း များပြားလာကြောင်း သိရသည်။
 

Source: 7day News Journal
 

    » Do and Don't      » Categories       » A to Z listing       » International Exam       » Questions & Answers       » Studying Abroad       » Cyber Cafe List      
    » Scholarship       » Seminar       » Download       » News       » Quiz Program       » Contact Us

    © 2009 MyanmarTraining.com. All rights reserved.

www.myanmartraining.com