Beta


 

Home / Contact us / Site Map
Create my Yangonmedia Account or Login

 

Home » Most Popular Articles » တာဝန်ဝတ္တရားနှင့်လူ

 

Make Yangon Media Your Home page

Local news
လာမည့်နှစ်မိုးရာတွင် ရေလျှံမှုမရှိစေရန် အင်းလျားကန်ကြီး ပြန်ဆယ်မည်

World & Asia
ပါကစ္စတန်တွင်အရေးပေါ်အခြေအနေထုတ် ပြန်

Entertainment
အနက်ရှိုင်းဆုံး တစ်နေရာ

Life Style
ကိုရီးယားရုပ်ရှင်သရုပ်ဆောင် ဟာဂျီ ၀မ်အား

Health
ကင်ဆာရောဂါကုသရန် အလားအလာ ကောင်းသော ကုထုံးသစ်တွေ့ရ

Culture & Society

Politics & OP/View
ဒေါ် အောင်ဆန်းစုကြည်က တရားဝင်ပြော ကြား

Perspective

တာဝန်ဝတ္တရားနှင့်လူ

“ရဟန်းတို့ ဤလောက၌ လူမိုက်နှစ်မျိုးရှိ၏။ တစ်မျိုးကား မိမိသို့မကျရောက်သောတာဝန်ကို ရွက်ဆောင်သူဖြစ်၏။ အခြားတစ်မျိုး ကား မိမိသို့ကျရောက်သောတာဝန်ကို မရွက်ဆောင်သူဖြစ်၏။”
ဗုဒ္ဓမြတ်စွာ
(ဒုကအင်္ဂုတ္တိုရ်၊ ဒုတိယပဏ္ဏာသက၊ ဗာလ၀ဂ်) 

လူသည် တာဝန်ဝတ္တရားထမ်းဆောင်ရသောသတ္တ၀ါဖြစ်၏။ တာဝန်တစ်ခုခုကို ထမ်းဆောင်ရ၏။ တာဝန်တစ်ခုခု ထမ်းဆောင်ရန် ပျက်ကွက်နေသူသည် လူမဟုတ်ချေ။တာဝန်သည် မလုပ်မနေရသဘောဆောင်၏။ ၀တ္တရားကမူ လုပ်သင့်လုပ်ထိုက်သောသဘော သာဆောင်၏။ မလုပ်လျှင်လည်း နေနိုင်၏။ လူမှုရေးမကျေပွန်ရုံသာရှိမည်။ တာဝန်ကား ငြင်းပယ်၍မရ။ တာဝန်ကို လျစ်လျူရှု ငြင်းပယ်လျှင် အရေးယူခံရမည်။

ကျွန်တော်တို့သည် မိမိသို့မကျရောက်သောတာဝန်ကို ရွက်ဆောင်နေသည့်လူမိုက်လား၊ မိမိသို့ကျရောက်သောတာဝန်ကို မရွက် ဆောင်သည့်လူမိုက်လားဟု အမြဲသုံးသပ်ဆင်ခြင်သင့်၏။အမေရိကန်၌ သမ္မတကြီး လန်ဒန်ဘီဂျွန်ဆင်လက်ထက်က အဖြစ်အပျက်တစ် ခုကိုကြည့်ပါ။

ဂျွန်ကင်းနက်ဂေလ်ဘရစ်သည် အိမ်ဖြူတော်အတွင်းဝန်ဖြစ်၏။ တစ်နေ့တွင် ကင်ဂေလ်ဘရစ်သည် ပင်ပန်း လွန်းသော ကြောင့် အိမ်ထောင်ထိန်းအမျိုးသမီး အယ်မီလီဂလိုရီယာဝီလ်ဆင်အား သူ့အားမနှိုးရန်မှာကြားပြီး အိပ်ရာဝင်ခဲ့သည်။ ကင်ဂေလ်ဘရစ်အိပ်ပျော် နေစဉ် သမ္မတကြီး လန်ဒန်ဘီဂျွန်ဆင်က အိမ်ဖြူတော်မှ ဖုန်းဆက်၏။ အယ်မီလီဂလိုရီယာဝီလ်ဆင်က ဖုန်းကိုင်သည်။
“ကင်ဂေလ်ဘရစ်ကို ခေါ်ပေးပါ။ လန်ဒန်ဂျွန်ဆင်ပါ”
“သူအိပ်နေပါတယ် သမ္မတကြီးရှင့်။ သူ့ကို မနှောင့်ယှက်ဖို့ ကျွန်မကို မှာထားပါတယ်”
“အေးပါ နှိုးလိုက်ပါ။ ကျုပ် သူနဲ့စကားပြောချင်လို့”
“မဖြစ်နိုင်ပါဘူး သမ္မတကြီး။ ကျွန်မက သူ့ဆီမှာ အလုပ်လုပ်တာပါ။ သမ္မတကြီးဆီမှာ အလုပ်လုပ်တာမဟုတ်ပါဘူး” ဟုပြောပြီးဖုန်းချလိုက်သည်။

ဂျွန်ကင်းနက်ဂေလ်ဘရစ် အိပ်ရာမှနိုးနိုးချင်း သမ္မတကြီး လန်ဒန်ဘီဂျွန်ဆင်ထံ ဖုန်းဆက်သည်။ သမ္မတကြီးက ကျေနပ်နှစ်သက်မှု လေသံအပြည့်ဖြင့် “အဲဒီအမျိုးသမီးကိုပြောလိုက်ကွာ။ ငါက သူ့ကို အိမ်ဖြူတော်မှာ အလုပ်လုပ် စေချင်တယ်လို့” ဟူသောစကားကို အရင်ဆုံးပြောလေသည်။

သမ္မတကြီး လန်ဒန်ဘီဂျွန်ဆင်သည် မိမိသို့ကျရောက်သောတာဝန်ကို ကျေပွန်အောင်ထမ်းဆောင်သော အယ်မီလီဂလိုရီယာဝီလ်ဆင်ကို သဘောကျနှစ်သက်ပြီး အိမ်ဖြူတော်မှာအလုပ် လုပ်ရန် ကမ်းလှမ်းခဲ့လေပြီ။ ထိုအကြောင်းကို အတွင်းဝန် ဂျွန်ကင်းနက်ဂေလ်ဘရစ်၏ အတ္ထုပ္ပတ္တိတွင် ဖော်ပြထားသည်။

ကျွန်တော်တို့သည် မိမိသို့ကျရောက်သောတာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ကြရပါမည်။ မိမိသို့ မကျရောက်သော တာဝန်ကိုထမ်းဆောင်လိုသူကား မရောင်ရာဆီလူးသူသာဖြစ် ပါလိမ့်မည်။ လူမိုက်ပဲဖြစ်ပါလိမ့်မည်။ တရုတ်စာပေပညာရှင် တိန်းတီက“စွမ်းရည်မရှိလျှင် တာဝန်မယူဝံ့။ သူရဲဘောကြောင်လျှင် တာဝန်စွန့်၏” ဟု ပြောခဲ့ပါသည်။

ကောဇာသက္ကရာဇ် ၈၄၀ ပြည့်နှစ်က ပုဂံပြည်တွင် အင်းဝဘုရင် ဒုတိယမင်းခေါင်စိုးစံချိန်။ အင်းဝမှ ငရန်နိုင်ဆိုသူသည် တာဝန် နှင့်ခရီးသွားရင်းပျောက်ဆုံးနေ၏။ မယားဖြစ်သူ မဖော့အူက ခင်ပွန်းသည်သေဆုံးပြီဟုမှတ်ယူကာ ဆွမ်းသွတ် အမျှဝေ၏။ မဖော့အူသည် နှစ်နှစ်ကြာသည်အထိ အိမ်ထောင်သစ်မပြုဘဲ မုဆိုးမအဖြစ်နေခဲ့၏။ နောက်ဆုံးတွင် တစ်ရွာ တည်းသားမောင်ပိုးဖြူနှင့်လက်ထပ်လိုက်၏။ မဖော့အူလက်ထပ်ပြီးကာမှ ငရန်နိုင်ပြန်ရောက်လာ၏။ ငရန်နိုင်က မယားဟောင်း မဖော့အူနှင့်ပြန်ပေါင်းလိုကြောင်း ရွာသူကြီးထံလျှောက် ထားအမှုဖွင့်၏။ ကာယကံရှင် မဖော့အူမှာ ဘာမျှ မဆုံးဖြတ်နိုင်ဘဲ တွေဝေနေ၏။ မောင်ပိုးဖြူက မဖော့အူ၏သဘောအတိုင်း ဆုံးဖြတ်တာခံမည် ဟုဆို၏။ သူကြီးလည်း ဘာမျှမလုပ်တတ်ဘဲ အမှုတွဲကို မြို့တော်မှတရားသူကြီး ခုံတော်မောင်ကျဘမ်းထံ လွှဲအပ်ရလေတော့သည်။

ခုံတော်မောင်ကျဘမ်းက အမှုစစ်ဆေးသည်။ငရန်နိုင်က “မယားဟောင်း မဖော့အူကို ပြန်လည်ပေါင်းသင်းလိုပါသည်” ဟု အစစ်ခံသည်။ မောင်ပိုးဖြူက “မဖော့အူဆုံးဖြတ်သည့်အတိုင်း လက်ခံပါမည်” ဟု အစစ်ခံသည်။ ကာယကံရှင် မဖော့အူက “ဘာမျှ မဆုံးဖြတ်နိုင်တော့ပါဘူး” ဟု အစစ်ခံသည်။ တရားသူကြီးခုံတော်မောင်ကျဘမ်းက “မဖော့အူကို အိမ်မှာ ခုနစ်ရက်ထားစေ။ နောက်ခုနစ်ရက်ကြာမှ ဆက်လက်စစ်ဆေးမည်” ဟု ရက်ချိန်းပေးလိုက်သည်။ခုနစ်ရက်ကြာတော့ အမှုသည်များရောက်လာကြသည်။ ခုံတော်မောင်ကျဘမ်းအိမ်ရှေ့တွင် ကနားဖျင်း တစ်ခု ထိုးထားတာ တွေ့ရ၏။ ကနားဖျင်းထဲမှာ ခေါင်းတလားတစ်ခု။ ခေါင်းတလားမှာ မဖော့အူတဲ့။“စိတ်မကောင်းပါဘူးဗျာ။ ခင်ဗျားတို့ပြန်သွားပြီး လေးရက်မြောက်နေ့မှာ မဖော့အူ အပြင်းဖျားတယ်။ နှစ်ရက်ကြာတော့ ဆုံးသွား တယ်။ အဲဒီမသာစရိတ်ဘယ်သူပေးမှာလဲ” ဟု ခုံတော်မောင်ကျဘမ်းက ငရန်နိုင်နှင့် မောင်ပိုးဖြူတို့ကို မေးလေသည်။ငရန်နိုင်က “ရှင်တုန်းက သူများမယား၊ သေမှ ငါ့မသာဖြစ်နေတာတော့ လူကဲ့ရဲ့စရာဖြစ်နေတယ်။ မသာစရိတ် တာဝန်မယူနိုင်ဘူး” ဟုမဲ့ကာရွဲ့ကာ ငြင်းလေသည်။

မောင်ပိုးဖြူကမူ မျက်ရည်စမ်းစမ်းနှင့် “တရားသူကြီးမင်းခင်ဗျား၊ မဖော့အူဟာ ကျွန်တော့်မယားပါ။ ကျွန်တော်နဲ့ ပေါင်းသင်းနေတုန်း ကွယ်လွန်အနိစ္စရောက်တာဆိုတော့ ကျွန်တော့်မှာတာ ၀န်ရှိပါတယ်။ ရှင်စဉ်က ငါ့မယား၊ သေသွားတော့ ပြန်မကြည့်ဆိုတာမျိုး ကျွန်တော် မလိုလားပါဘူး။ အသုဘစရိတ်ကို ကျွန်တော်ခံပါ့မယ်” ဟု တာဝန်ယူလေ၏။ခုံတော်မောင်ကျဘမ်းက “မဖော့အူကို သူရသင့် ငါရသင့်ခွဲဆိုတဲ့အမှုကတော့ ရှင်းလင်းသွားပါပြီ။ မဖော့အူရဲ့ကိစ္စအ၀၀ကို တာဝန်ယူသူသာလျှင် မဖော့အူရဲ့ခင်ပွန်းဖြစ်ပါတယ်” ဟု အဆုံးအဖြတ်ပေးပြီးနောက် ဖေးဘက်သို့လှည့်၍ “မဖော့အူရေ ထွက်လာခဲ့တော့ဟေ့” ဟု လှမ်းခေါ်လိုက်လေသည်။ ခုံတော်မောင်ကျဘမ်းသည် ပရိယာယ်ဖြင့် အမှုကို အဆုံးအဖြတ် ပေးလိုက်လေသည်။ မောင်ပိုးဖြူနှင့်မဖော့အူတို့ချစ်ချစ်ခင်ခင်ပေါင်းသင်းကြရလေသည်။

ထိုအဖြစ်အပျက်တွင် မောင်ပိုးဖြူက ကျရောက်လာသောတာဝန်ကို ရဲရဲယူခဲ့သည်။ ငရန်နိုင်က ကျရောက် လာသော တာဝန်ကို ငြင်းပယ်ခဲ့သည်။ သူရဲဘောကြောင်သူဟု ဆိုရမည်။မောင်ပိုး ဖြူက သူရဲဘောမကြောင်၊ တာဝန်မစွန့်။ငရန်နိုင်က သူရဲဘောကြောင်သည်။ တာဝန်စွန့်ခဲ့သည်။ ကျွန်တော်တို့ရော၊ တာဝန်ယူသူလား၊ တာဝန်မှစွန့်သူလား။ကျွန်တော်တို့သည် တာဝန်ကို အလေးမထားဘဲ ၀တ္တရားကိုအလေးထားတတ်သူများလားဟု ခံစားနေရပါသည်။ စင်စစ် တာဝန်ကို ဦးစားပေးရပါမည်။ အဓိကနှင့်သာမည နေရာလွဲနေပါသည်။မိမိသို့ကျရောက် သောတာဝန်ကို ဆောင်ရွက်ကြရမည်။

ဝတ္တရားကတော့ မိမိတို့သဘောထားအတိုင်း ဆောင်ရွက်လိုပါက ဆောင်ရွက်ကြပါလေ။ လူမှုဝတ္တရားကတော့ ကျေပွန်နိုင်သူ ကျေပွန်ကြပါလေ။ တာဝန်ကျေဖို့ကတော့ အဓိက၊ ပဓာန။ စင်စစ် လူသားတိုင်းမှာ တာဝန်ကိုယ်စီရှိကြပါသည်။ လူသားသည် တာဝန်မရှိသလို မနေမိဖို့အရေးကြီးပါသည်။ မိမိအပေါ်သို့ ကျရောက်သောတာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ကြ ရမည်။ မိမိသို့မကျရောက်သောတာဝန်ကို မထမ်းဆောင်သင့်ပါ။ကျွန်တော်တို့သည် မိမိသို့ကျရောက်သောတာဝန်ကို ရှောင်လွှဲသည့်လူမိုက်အဖြစ်ခံကြမလား။မိမိသို့မကျ ရောက်သောတာဝန်ကို ရွက်ဆောင်သည့်လူမိုက်အဖြစ်ခံကြမလား။ကြိုက်ရာ ရွေးချယ်ခွင့်ရှိပါသည်။
 

Source: Flower News
Category: Most Popular Articles
Action:  Printable Version  |  Mail This  |    Add favorite

 

 
     

About Yangon Media  • Contact Us  • Privacy  • Advertisement with us  • Help  • Site Map
Copyright © Yangon Media 2007.

yangonmedia.com

Total Hits:

Powered By: CREATIVE Web Studio