Beta


 

Home / Contact us / Site Map
Create my Yangonmedia Account or Login

 

Home » Most Popular Articles » မိတ်ကောင်းဆွေကောင်းနှင့် လက်ဖက်ရည်ဆိုင်ထိုင်ခြင်း

 

Make Yangon Media Your Home page

Local news
လာမည့်နှစ်မိုးရာတွင် ရေလျှံမှုမရှိစေရန် အင်းလျားကန်ကြီး ပြန်ဆယ်မည်

World & Asia
ပါကစ္စတန်တွင်အရေးပေါ်အခြေအနေထုတ် ပြန်

Entertainment
အနက်ရှိုင်းဆုံး တစ်နေရာ

Life Style
ကိုရီးယားရုပ်ရှင်သရုပ်ဆောင် ဟာဂျီ ၀မ်အား

Health
ကင်ဆာရောဂါကုသရန် အလားအလာ ကောင်းသော ကုထုံးသစ်တွေ့ရ

Culture & Society

Politics & OP/View
ဒေါ် အောင်ဆန်းစုကြည်က တရားဝင်ပြော ကြား

Perspective

မိတ်ကောင်းဆွေကောင်းနှင့် လက်ဖက်ရည်ဆိုင်ထိုင်ခြင်း

ကျွန်တော်၏ဆောင်းပါးခေါင်းစဉ်ကို စာရှုသူဖတ်လိုက်ရချိန်တွင် အတွေးများစွာပေါ်လာမည်ဟုထင်ပါသည်။ ကျွန်တော်နှင့် လက်ဖက် ရည်ဆိုင်ထိုင်သောမိတ်ဆွေသည် ကျွန်တော့်အပေါ်မည်သို့ကောင်းလေသနည်း။ ငွေကြေးအဆင်မပြေဖြစ်လျှင် ကူညီတတ်သည့် မိတ်ဆွေကောင်းလေလား၊ လူမှုရေးအခက်အခဲများကို စာနာနားလည်နှစ်သိမ့်မှုပေးနိုင်သည့် မိတ်ဆွေ ကောင်းလေလား၊ လက်ဖက်ရည် ဆိုင်ထိုင်သည့်အခါ တိုင်းကျသမျှဒိုင်ခံရှင်းပေးလေသည့်မိတ်ဆွေကောင်းလေလား စသည်ဖြင့် အတွေးများစွာ ပွားသွားနိုင်ပေ၏။ ထိုမိတ်ဆွေဖြင့် လက်ဖက်ရည်ဆိုင်ထိုင်ဖြစ်တိုင်း ကျသမျှလက်ဖက်ရည်ဖိုး သူကဒိုင်ခံရှင်းတတ်သည်မှန်သော်လည်းထိုမျှဖြင့် သူ့ကို မိတ်ကောင်းဆွေကောင်းဟု ကျွန်တော်ကင်ပွန်း တပ်ခြင်း မဟုတ်ပေ။

သူ၏ပြတ်သားသောစိတ်ဓာတ်နှင့် မည်မျှပင် ခင်မင်ရင်းနှီးကျွမ်းဝင်နေသည့် အပေါင်းအသင်း မိတ်ဆွေသူငယ်ချင်း ပင် ဖြစ်ပါစေသူ မကြိုက်သည့်၊ သူအားမပေးသည့်အချက်ကို အားနာတတ်မှုကင်းစွာ ပွင့်ပွင့်လင်းလင်း ဗြောင်ပင် ထုတ်ဖော် ပြောဆိုဆန့်ကျင်လေသော ကြောင့်သူ့ကိုကျွန်တော့်မိတ်ကောင်းဆွေကောင်းအဖြစ် သတ်မှတ်လေခြင်းဖြစ်ပါသည်။

ထိုမိတ်ဆွေသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အထူးအလေးထားသူဖြစ်သည်။ ယင်းကိစ္စနှင့်ပတ်သက်၍လည်း ဆောင်းပါး များစွာကို ရေးသားခဲ့ပြီးပြီ။ စည်းကမ်းမဲ့အမှိုက်ပစ်ခြင်းကိုအားမပေး။ ကွမ်းစားခြင်းကိုရှုတ်ချ၏။ စည်းကမ်းမဲ့ ကွမ်းတံတွေးထွေးသူများ ကိုကား သူအမုန်းဆုံး။ အရက်ကြိုက်တတ်သည့် သူ့မိတ်ဆွေ ကျွန်တော်တို့ တစ်တွေကို လည်း ဖြစ်နိုင်လျှင် အရက်များမသောက်ရန် သတိပေးစကားဆို၏။ ထို့အပြင် သောက်သူကိုရော ပတ်ဝန်းကျင်ကိုပါ ကောင်းကျိုး မရှိ ဆိုးကျိုးသာပြုလေသည့် ဆေးလိပ်သောက်သုံးခြင်းကို သူသည်ပြတ်ပြတ်သားသားပင် ဆန့်ကျင်ရှုတ်ချလေ၏။

ကျွန်တော်တို့ ပုထုဇဉ်လူသားများဆိုသည်ကလည်း အခက်သားပင်။ “စိတ်သည် မကောင်းမှု၌မွေ့လျော်၏” ဟု ဗုဒ္ဓဘုရား ရှင်ဟောမိန့်ခဲ့ သလို မကောင်းသည့် အပြုအမူမှန်းသိသိကြီးနှင့် မဖြတ်နိုင်ဖြစ်ကြရ၏။ ကွမ်းစားခြင်းသည်မကောင်း၊ အရက်သောက်ခြင်း သည်မ ကောင်း၊ ဆေးလိပ်သောက်ခြင်းသည်မကောင်း။ သို့ သော် ယနေ့ကျွန်တော်တို့ လူမှု အသိုင်း အ၀ိုင်းတွင် ထိုမကောင်းမှုများ၌ ပျော်မွေ့ နေကြသူ၊ရုန်းမထွက်နိုင်ကြသူ များသထက် များ၍သာလာနေသည်။ ကျွန်တော် ကိုယ်တိုင်လည်း အရက်ကြိုက်၏။ ဆေးလိပ်သောက်တတ်၏။ တစ်ပတ်တွင် သုံးရက်မှလေးရက် ယမကာမှီဝဲဖြစ်သည်။ တစ်ကိုယ်တော်ရော အပေါင်းအသင်းများနှင့်ပါ။ ဆေးလိပ်ကိုမူ နေ့စဉ်ပုံမှန်သောက်ဖြစ်သည်မဟုတ်သော်လည်း ရံဖန်ရံခါ သောက်၏။ အရက်သောက်ဖြစ်ချိန်နှင့် လက်ဖက်ရည်ဆိုင် ထိုင်ဖြစ်ချိန် ဆေးလိပ်ပို၍သောက်ဖြစ်၏။ အရက်တစ်ကြိုက်၊ လက်ဖက်ရည်တစ်ကြိုက်၊ ဆေးလိပ်တစ်ရှိုက်။ ဆေးလိပ်ကိုနှစ်ခြိုက်စွဲလမ်း သည်လည်းမဟုတ်။ ဆေးလိပ်၏ဆိုးကျိုး များကို လည်း ဖတ်နေရ၊မြင်နေရ၊ တွေ့နေရ၊ ကြားနေရသည်။ သို့သော် ယတိပြတ်မဖြတ်ဖြစ်။

ကျွန်တော်၏ မိတ်ကောင်းဆွေကောင်းမှာ အရက်သောက်တော့သူမဟုတ်လေသောကြောင့် သူနှင့် အရက်ဆိုင်တော့ အတူမထိုင်ဖြစ်။ သူနှင့်ကျွန်တော် အတူထိုင်သောက်ဖြစ်သည်က လက်ဖက်ရည်ဆိုင်။ သူက ကော်ဖီ၊ ကျွန်တော်က လက်ဖက်ရည်သမား။ အလုပ်တာဝန်ကိုယ်စီနှင့်မို့ အမြဲတွေ့ထိုင်ဖြစ်ကြသည် တော့မဟုတ်။ လမ်းကြုံအခွင့်သင့်ကြမှသာ။ လမ်းကလည်း တော်တော်နှင့်ကြုံဖြစ်သည်မဟုတ်ပါ။ တစ်ခါကြုံဖြစ်ခဲ့စဉ်က သူ့ကို တစ်သက်တာလုံး မှတ်မှတ် ထင်ထင် ရှိနေစေတော့ မည်ဖြစ်ပြီး မိတ်ကောင်းဆွေကောင်းအဖြစ်သတ်မှတ်လိုက်သည်အထိဖြစ်ခဲ့သည်။ အထက်တွင် ကျွန်တော် ဆိုခဲ့သလို သူမကြိုက်သည့်၊ သူအားမပေးသည့်အချက်ကို အားနာတတ်မှု ကင်းစွာ ပွင့်ပွင့်လင်းလင်း ဗြောင်ပင် ထုတ်ဖော် ပြောဆို ဆန့်ကျင်လေသောကြောင့်ပင်။

ထိုတစ်နေ့က သူနှင့်ကျွန်တော်လမ်းကြုံခိုက် လက်ဖက်ရည်ဆိုင်တစ်ဆိုင်သွားထိုင်ခဲ့ကြစဉ်ကဖြစ်၏။ ထိုဆိုင်တွင် အခြား မိတ်ဆွေနှစ်ဦးလည်း ရောက်နေနှင့်ရာ သူတို့ဝိုင်းတွင် ပေါင်းထိုင်လိုက်ကြသည်။ သူသိ ကိုယ်သိ သတင်းစကားတို့ ဖလှယ်ပြောကြရင်း သူ့အကြောင်းကိုယ့်အကြောင်း၊ အလုပ်အကြောင်းတို့ အပြန်အလှန်မေးကြရင်း စကားကောင်း နေကြ၏။ ကျွန်တော်ကမှာထားသော လက်ဖက်ရည်တစ်ကြိုက်၊ဆေးလိပ်တစ်ရှိုက်သောက်ရင်းစကားဆိုဖြစ်၏။ ကျွန်တော် ဆေးလိပ်သောက်ပုံကိုကြည့်ရင်း ကျွန်တော့်အတွက်မိတ်ကောင်း ဆွေကောင်းဖြစ်လာမည့်သူက ခင်ဗျားဆေးလိပ်ရှိုက်ပုံက လွန်လွန်းပါလားဗျဟုဆိုသည်။ ဆင်ဆင်ခြင်ခြင်သောက်ဖို့ကောင်းတယ်နော်ဟု စေတနာစကားဖြင့်သတိပေး၏။ ခဏ အကြာတွင် အရင်ထိုင်သည့်မိတ်ဆွေနှစ်ဦးက ထိုင်သည်မှာ ကြာနေပြီကတစ်ကြောင်း အလုပ်များရှိသေး၍ တစ်ကြောင်း နှုတ်ဆက်ကာ ထသွားကြသည်။ သူနှင့်ကျွန်တော်နှစ်ယောက်သား ဆက်ထိုင်ကာ စကားကောင်းနေခဲ့ကြ၏။ ကျွန်တော် လက်ဖက်ရည်ကုန်တော့ရေနွေးကြမ်းဆက်ကြိုက်သည်။ ဆေးလိပ်ကလည်း တစ်ရှိုက်ပြီး တစ်ရှိုက် တစ်လိပ်ပြီး တစ်လိပ်။

အချိန်တွေကြာ စကားတွေကောင်းပြီး သူရောကိုယ်ရောအလုပ်ကိုယ်စီရှိကြသေးသည်မို့ လမ်းခွဲကြဖို့ ပြင်ကြသည်။မှာသောက်ထားသမျှ ရှင်းကြဖို့ စားပွဲထိုးခေါ်လိုက်သည်။ ရှေ့က ထသွားနှင့်သောမိတ်ဆွေများအတွက်ပါ ပေါင်းရှင်းရမည်။ သူက ကျွန်တော့်ကိုငွေအရှင်းမခံ၊ သူသာရှင်းမည်ဟု ဆိုသည်။ ပိုက်ဆံထုတ်ပြီးသော ကျွန်တော်က အိတ်ကပ်ထဲ ပြန်ထည့်ဖို့အပြင် အားလုံးဘယ်လောက်ကျလဲဟုသူကမေးသည်ကို ကျပ် ၁၅၀၀ဟု စားပွဲထိုးကအဖြေတွင်- ဟ-ဘာလို့ ကျပ် ၁၅၀၀လဲကွဟု သူက ပြန်မေးသည်။ လက်ဖက်ရည်ဖိုးတွေက ကျပ် ၁၀၀၀ပါ၊ ဆေးလိပ်ဖိုးက ကျပ် ၅၀၀ကျပါတယ်ဟု စားပွဲထိုးလေးက ပြန်ဖြေသည်တွင်-

“ဟေ့လူ ဆေးလိပ်ဖိုးခင်ဗျားရှင်း၊ ကျွန်တော် မရှင်းနိုင်ဘူး။ ကျွန်တော်ကိုယ်တိုင်လဲမသောက်ဘူး ဆေးလိပ် သောက်တဲ့သူတွေကိုလဲ အားမပေးဘူး။ ကျွန်တော် ဘယ်သူ့ကိုမှလဲ ဆေးလိပ်ဖိုး ရှင်းပေးလေ့မရှိဘူး” ဟု ဆိုလေရာ အိပ်ကပ်ထဲ ပိုက်ဆံပြန်ထည့်နေဆဲ ကျွန်တော့် လက်မှာ လမ်းခုလတ်တွင် တန့်သွားရ၏။ ကျွန်တော်လဲ ခေတ္တကြောင်သွားပြီး ဘယ်လိုပါလိမ့်ဟု တဒင်္ဂစိတ်ထဲ မရှင်းမလင်းခံစားလိုက်ရသည်။ သူ့မျက်နှာကို ကြည့်လိုက်တော့ သူက တစ်ကယ်အတည်ပြောနေသည့်ပုံ။ တစ်ထောင်တန်တစ်ရွက်လည်း စားပွဲထိုးလေးလက်ထဲထည့်ပေး လိုက်ပြီးပြီ။ စားပွဲထိုးလေးက ကျွန်တော်တို့ကို အကြောင်သား ငေးကြည့်နေသည်။

ကျွန်တော် သဘောပေါက်နားလည်လိုက်သည်တွင်တော့ ထိုမိတ်ဆွေကောင်းကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးစကား ဆိုပြုံးပြကာ ကျန်သော ပိုက်ဆံရှင်းပေးလိုက်သည်။ သူသည် သူမကြိုက်၊ သူအားမပေး၊ သူလက်မခံသော မကောင်းသည့် အပြုအမူတစ်ရပ်ဖြစ်သည့်ဆေးလိပ်သောက်ခြင်းကို သူတတ်နိုင်သည့်နည်းဖြင့် ဆန့်ကျင်တိုက်ဖျက်နေခြင်းဖြစ်ကြောင်း ခံစားမိလိုက်သည်။ သူ၏ ဤအပြုအမူက သူ့ကို နားမလည်သူများ အမုန်းခံရနိုင်မှန်းသိသိကြီးနှင့် သူအမုန်းခံဝံ့သည်။ သူခင်မင်သောမိတ်ဆွေများအကျိုးအတွက် သူအမုန်းခံပြောသည်။သူ့အတွက် မည်သည့်အကျိုးမျှ သူမမျှော်လင့်။ ရလည်း မရနိုင်။သူ၏ စေတနာမှန်ကိုနားလည်လိုက်သော ကျွန်တော်ကတော့ သူသည် ကျွန်တော့်အတွက်ထာဝရ အစစ်အမှန်မိတ်ကောင်းဆွေကောင်း တစ်ဦးအဖြစ် လေးစားစွာအသိအမှတ်ပြုဖြစ်လိုက်သည်။

နောက်တစ်ကြိမ်လမ်းကြုံပြန်ခိုက်သူနှင့် ကျွန်တော်လက်ဖက်ရည်ဆိုင်ထိုင်ဖြစ်ချိန်တွင်မူ ကျွန်တော် ဆေးလိပ် မသောက် ဖြစ်တော့ပေ။ ဆေးလိပ်ဖိုးကိုယ့်ဘာသာရှင်းရမည်ကို သိနေ၍တော့ မဟုတ်ပါ။ အနည်းဆုံး သောက်ဖြစ်မည့် ဆေးလိပ် သုံးလိပ်ကြောင့် ကျွန်တော့် ကျန်းမာရေး အသက်ဘေးထိခိုက်မည်ကို တားပေးသော သူ၏မှန်သောစေတနာကို နားလည်နိုင်၍ဖြစ်သည်။ သေချာသည်က သူနှင့်ကျွန်တော် လက်ဖက်ရည်ဆိုင်ထိုင်ဖြစ်တိုင်း ကျွန်တော်ဆေးလိပ် သောက် တော့မည်မဟုတ်ဆိုသည်ပင်။ ထိုနေ့ကလည်း လက်ဖက်ရည်ဖိုးကျသမျှကို သူပဲ ဒိုင်ခံရှင်းပေးပါသည်။ ထိုမျှဖြင့် သူ့ကို ကျွန်တော့် မိတ်ကောင်းဆွေကောင်းဟု ကင်ပွန်းတပ်ခြင်းမဟုတ်ပါပေ။

စာကြွင်း- ယခုဆောင်းပါးခေါင်းစဉ်မှာ ကျွန်တော် ငယ်စဉ်က ဖတ်မှတ်နှစ်ခြိုက်ခဲ့သော ဆရာနန္ဒာသိန်းဇံ၏ “မိတ်ကောင်းဆွေကောင်းနှင့်ခရီးသွားခြင်း” ဆိုသည့် စာအုပ်အမည်ကို ဆင်တူယိုးမှားယူထားခြင်းဖြစ်ပါသည်။
 

Source: Flower News
Category: Most Popular Articles
Action:  Printable Version  |  Mail This  |    Add favorite

 

 
     

About Yangon Media  • Contact Us  • Privacy  • Advertisement with us  • Help  • Site Map
Copyright © Yangon Media 2007.

yangonmedia.com

Total Hits:

Powered By: CREATIVE Web Studio